Published 19 March 2022

အမေရိကန်ပြည်ထောင်စုဟာ တရုတ်နှင့် စစ်အေးတိုက်ပွဲလုပ်ဖို့မရှိပါဘူးလို့  အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က တရုတ်သမ္မတ ရှီကျင့်ဖျင်ကို ထပ်မံပြောကြားလိုက်ပါတယ်။ သောကြာနေ့က အမေရိကန်သမ္မတဘိုင်ဒင်ရဲ့ မေတ္တရပ်ခံချက်ကြောင့် နှစ်နိုင်ငံ ခေါင်းဆောင်တွေဟာ ဗွီဒီယိုနှင့် ပြောဆိုဆွေးနွေးကြရမှာ ဘိုင်ဒင်က ယခုလိုထပ်လောင်းပြောကြားခဲ့တာဖြစ်တယ်လို့ CMG က သတင်းထုတ်ပြန်ပါတယ်။

တရုတ်ဟာ အမေရိကန်ရဲ့စနစ်ကို ပြောင်းလဲလိုတဲ့ရည်ရွယ်ချက်မရှိဘူး၊ပြီးတော့ အမေရိကန်ရဲ့မဟာမိတ်တွေပြန်လည်သက် ဝင်လှုပ်ရှားလာတာဟာ တရုတ်ကို ပစ်မှတ်ထားတာမဟုတ်ဘူးလို့လည်း ဘိုင်ဒင်ကပြောပါတယ်။ အဲဒီအပြင် ထိုင်ဝမ်ရဲ့ လွတ်လပ်ရေးကို အမေရိကန်ဟာ မထောက်ခံဘူးလို့လည်းဆိုပါတယ်။ ပြီးတော့ တရုတ်နှင့်ပဋိပက္ခဖြစ်ဖို့လည်း ရည်ရွယ်ချက်မရှိဘူးလို့ သူကပြောပါတယ်။

အမေရိကန်-တရုတ်ဆက်ဆံရေးလမ်းကြောင်းချဖို့ သမ္မတရှီနှင့် အနီးကပ်ထိတွေ့ဆက်ဆံရန် သူအသင့်ရှိကြောင်းကိုလည်း သူကထုတ်ဖော်ပြောကြားပါတယ်။

ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းဖော်ဆောင်ရေးမှာ ကမ္ဘာကြီးဟာ ပြင်းထန်တဲ့စိန်ခေါ်မှုတွေနှင့် ရင်ဆိုင်နေရတယ်လို့ တရုတ်သမ္မတရှီကျင့်ဖျင်က ပြန်လည်ဆွေးနွေးခဲ့ပါတယ်။ ကမ္ဘာကြီးဟာ ငြိမ်သက်ခြင်းလည်းမရှိ တည်ငြိမ်ခြင်းလည်းမရှိဘူးလို့ ရှီကပြောပါတယ်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ အမြဲတမ်းအဖွဲ့ဝင်(၂)နိုင်ငံဖြစ်တဲ့ ကမ္ဘာ့ဦီးဆောင်စီးပွားရေးနိုင်ငံတွေဖြစ်တဲ့ တရုတ်နှင့်အမေရိကန်တို့ဟာ မှန်ကန်တဲ့လမ်းကြောင်းတစ်လျောက် သူတို့ရဲ့ ဆက်ဆံရေးကို ထိန်းကျောင်းရဖို့ တင်မကဘဲ နိုင်ငံတကာတာဝန်တွေကို မျှယူကြဖို့နှင့် ကမ္ဘာ့ငြိမ်းချမ်းရေးနှင့်တည်ငြိမ်ရေးအတွက် မျှဝေလုပ်ဆောင်ကြရမယ်လို့ ရှီက ပြောပါတယ်။

အမေရိကန်က တရုတ်နှင့်စစ်အေးတိုက်ပွဲမဖြစ်လိုဘူး၊တရုတ်ရဲ့စနစ်ကိုမပြောင်းလဲလိုဘူး၊တရုတ်ကိုဆန့်ကျင်ဖို့ မဟာမိတ်တွေ သက်ဝင်လှုပ်ရှားတာမဟုတ်ဘူး၊ထိုင်ဝမ်လွတ်လပ်ရေးကို မထောက်ခံဘူး၊ တရုတ်နှင့်ပဋိပက္ခမဖြစ်လိုဘူး လို့ သမ္မတဘိုင်ဒင်ပြောခဲ့တဲ့ မှတ်ချက်တွေကို “ ကျွန်တော့်အနေနှင့် အဲဒါတွေကို အလေးအနက်ကို မှတ်သားထားပါတယ်” လို့ ရှီကပြန်ပြောခဲ့ပါတယ်။

ထိုင်ဝမ်နှင့်ပတ်သက်လို့ လွဲမှားစွာကိုင်တွယ်နေတာတွေဟာ နှစ်နိုင်ငံဆက်ဆံရေးကို ပြတ်တောက်စေလိမ့်မယ်လို့ ရှီက ပြောလိုက်ပြီး အမေရိကန်အနေနှင့် ဒီပြဿနာကို အာရုံစိုက်လုပ်ဆာင်လိမ့်မယ်လို့ တရုတ်ကယုံကြည်တယ်လို့လည်း ပြောခဲ့ပါတယ်။

နှစ်နိုင်ငံခေါင်းဆောင်တွေဟာ  ယူကရိန်းကိစ္စကိုလည်း အမြင်ချင်းဖလှယ်ခဲ့ကြတယ်လို့ပဲ တရုတ်အစိုးရရဲ့ မီဒီယာတွေက ရေးသားပေမယ့်တရုတ်အနေနှင့်ရုရှားကို ရုပ်ဝတ္ထုပိုင်း ကူညီပံ့ပိုးခဲ့ရင် ရှုပ်ထွေးဂယက်ရိုက်မှုတွေနှင့်အကျိုးဆက်တွေ ရရှိလာလိမ့်မယ်လို့ ဘိုင်ဒင်က ရှီကိုပြောခဲ့တယ်လို့ အနောက်မီဒီယာတွေကရေးသားပါတယ်။

ယူကရိန်းကိစ္စနှင့်ပတ်သက်လို အမေရိကန်ရဲ့ရပ်တည်ချက်ကို  ဘိုင်ဒင်က အသေးစိတ်ရှင်းပြပြီး အခြေအနေပိုဆိုးရွားသွား မှာကို ဟန့်တားနိုင် အောင် အမေရိကန်ဟာ တရုတ်နှင့် ဆက်ဆံပြောဆိုဖို့ အဆင်သင့်ရှိတယ်လို့ ဘိုင်ဒင်ကပြောပါတယ်။

“ တရုတ်အနေနှင့် ယူကရိန်းအခြေအနေ ဒီလိုဖြစ်လာတာကို မမြင်တွေ့လိုပါဘူး။ တရုတ်ဟာ ငြိမ်းချမ်းရေးဘက်ကရပ် တည်ပြီး စစ်ပွဲကို ဆန့်ကျင်တယ်။ ဒါဟာတရုတ်ရဲ့ သမိုင်းနှင့်ယဉ်ကျေးမှုထဲမှာ စွဲခိုင်နေတဲ့အရာတွေဖြစ်တယ်” လို့ ရှီက ပြန်ပြောတယ်လို့ သတင်းကရေးသားပါတယ်။

အရေးကိစ္စတစ်ခုချင်းစီရဲ့ အဆိုး အကောင်းအပေါ် အခြေခံပြီး တရုတ်ဟာ လွတ်လပ်စွာ ကောက်ချက်ချတာတွေလုပ်တယ်၊ နိုင်ငံတကာဥပဒေတွေနှင့် အားလုံးလက်ခံထားတဲ့ နိုင်ငံတကာဆက်ဆံရေးကို စီမံနေတဲ့ နိုင်ငံတကာစံညွှန်းတွေကို ကိုင်စွဲတယ်။ ကုလသမဂ္ဂပဋိညာဉ်ကို လိုက်နာစောင့်ထိန်းတယ်။ ဘုံသဘောလက္ခဏာဆောင်ပြီး ပြည့်စုံကျယ်ပြန့်တဲ့ ပူးပေါင်းဆောင်ရွက်ပြိး ရေရှည်တည်တံ့တဲ့ လုံခြုံရေးအမြင်ကို အားပေးတယ်။ အဲဒါတွေဟာ ယူကရိန်းအကျပ်အတည်းကို တရုတ်ကချည်းကပ်ရာမှာ ကျောထောက်နောက်ခံပြုထားတဲ့ အဓိကကျတဲ့ အခြေခံသဘောတရားတွေပဲဖြစ်တယ်လို့ ရှီကပြောပါတယ်။

ဘက်တွေအားလုံးဟာ ရလာဒ်တွေထွက်ပြီး ငြိမ်းချမ်းရေးဦးတည်စေမယ့် တွေ့ဆုံဆွေးနွေးစေ့စပ်ညှိနှိုင်မှု တွေဖြစ်ဖို့ ရုရှားနှင့်ယူကရိန်းတို့ကို ပူးတွဲထောက်ခံအားပေးဖို့လိုအပ်တယ်လို့ ရှီကပြောပါတယ်။ အဲဒီအပြင် ယူကရိန်းအကျပ်အတည်းရဲ့ အခရာဖြစ်နေတာကို ဖြေရှင်းဖို့နှင့် ရုရှားနှင့် ယူကရိန်းတို့ရဲ့ လုံခြုံရေးဆိုင်ရာ ပူပန်မှုတွေကို လျော့ပါးစေဖို့  အမေရိကန်နှင့် နေတိုးဟာ ရုရှားနှင့်ဆွေးနွေးသင့်တယ်လို့ သူက ဖြည့်စွက်ပြောပါတယ်။

ရှီက တရုတ်ဆိုရိုးစကားနှစ်ခုနှင့်လည်း ဥပမာပေးပြောကြားခဲ့ပါတယ်။ “လက်ခုတ်တီးဖို့ လက်နှစ်ဖက်လိုတယ်” ဆိုတာနှင့် “ကျားကိုခြူဆွဲပေးသူပဲ သူ့ဆီကခြူပြန်နှုတ်ပေးရလိမ့်မယ်” ဆိုတာဖြစ်တယ်လို့ ရှီကပြောပါတယ်။

Source CMG/Bloomberg