#WorldHealth
Published - 19 March 2022


တစ်ကမ္ဘာလုံးမှာ ကိုဗစ်ရောဂါကူးစက်မှုများ ပြန်လည်များပြားနေပြီဖြစ်တယ်လို့အကြောင်းကြားလာကြကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အစည်း WHO က မတ်လ ၁၆ ရက်နေ့က သတိပေးခဲ့ပါတယ်။

ဒါပေမဲ့ ရောဂါပိုးစစ်ဆေးမှုနှုန်းကတော့ သိသိသာသာကျဆင်းနေပြီလည်းဖြစ်ပါတယ်။
အရင်ရက်သတ္တပတ်တွေတုန်းက ကူးစက်မှုနှုန်းကျဆင်းနေခဲ့ရာမှ အခုနောက်ဆုံးအပတ်အတွင်း တစ်ကမ္ဘာလုံးအတိုင်းအတာအရ ကိုဗစ်ရောဂါကူးစက်မှု ၈ ရာခိုင်နှုန်းမြင့်တက်လာခဲ့ကြောင်း သတင်းပို့ လာကြပါတယ်။

ရောဂါကူးစက်မှုပေါင်း ၁၁ သန်းကျော်နဲ့ နောက်ထပ်သေဆုံးသူပေါင်း ၄၃,၀၀၀ ရှိခဲ့တယ်လို့ WHO က အတည်ပြုခဲ့ပါတယ်။ အနောက်ပစိဖိတ်ဒေသတွေမှာ ပြီးခဲ့တဲ့အပတ်က ရောဂါကူးစက်သူ ၂၉ ရာခိုင်နှုန်း ပိုများလာခဲ့ပါတယ်။

အဆိုပါဒေသတွေမှာ ဒီဇင်ဘာလကုန်ကတည်းက ကူးစက်မှုနှုန်းမြင့်တက်နေခဲ့ပြီး နောက်ထပ်ရောဂါပိုးတွေ့ရှိသူ ၅.၀၂ သန်းရှိခဲ့တာကြောင့် ကူးစက်မှု ၄.၉၉ သန်းရှိခဲ့တဲ့ဥရောပထက် ပိုများနေခဲ့တာဖြစ်ပါတယ်။

WHO မှ ကိုဗစ်ဆိုင်ရာပညာရှင် ဒေါက်တာ'မာရီယာဗန်ကာခိုဗ်'က ရောဂါပိုးစစ်ဆေးမှုနှုန်းသိသိသာသာကျဆင်းလာပေမယ့် ရောဂါကူးစက်မှုကတော့ မြင့်တက်လာခဲ့တယ်လို့ ထောက်ပြလိုက်ပါတယ်။

WHO ညွှန်ကြားရေးမှူးချုပ် 'တက်ဒရိုစ်အက်ဒါနွန်ဂေဘရီယေးဆက်စ်'က "ကူးစက်မှုတွေများလာရင် သေဆုံးသူတွေလည်း များလာမှာပါပဲ။ ကာကွယ်ဆေးထိုးနှံမှုနှုန်းနည်းပါးတဲ့နိုင်ငံတွေမှာ အသက်သေဆုံးမှုနှုန်းများလာမှာဖြစ်ပါတယ်။ နိုင်ငံအားလုံးနိုးနိုးကြားကြားရှိနေဖို့ လိုပါတယ်။ ကပ်ရောဂါကြီးက မပြီးဆုံးသေးပါဘူး" လို့ သတိပေးသွားပါတယ်။

ကမ္ဘာတဝန်းမှာ အိုမီခရွန်မျိုးဗီဇကွဲက ကူးစက်နှုန်းမြင့်မားနေဆဲဖြစ်ပြီး အထူးသဖြင့် BA.2 မျိုးနွယ်ခွဲက ပိုမိုကူးစက်မြန်ကြောင်း ဒေါက်တာ'ဗန်ကာခိုဗ်'က ဆိုပါတယ်။
အိုမီခရွန်က ရောဂါပျော့တယ်ဆိုတဲ့သတင်းမှားတွေ၊ ကပ်ရောဂါက ပြီးဆုံးသွားပြီဆိုတဲ့သတင်းမှားတွေ၊ ဒီမျိုးဗီဇကွဲက နောက်ဆုံးကြုံတွေ့ရမယ့်မျိုးဗီဇကွဲတွေဆိုတဲ့သတင်းမှားတွေ အများကြီးရှိနေပါတယ်။

ဒါပေမဲ့ရောဂါကူးစက်မှုကိုလျှော့ချလို့တဲ့ နည်းလမ်းတွေအများကြီးရှိပါတယ်။
နှာခေါင်းစည်းတပ်ဆင်ခြင်း၊ ခပ်ခွာခွာနေထိုင်ခြင်း၊ ကိုဗစ်ကာကွယ်ဆေးထိုးနှံခြင်းတို့ ဖြင့် ရှေ့ဆက်ဆောင်ရွက်သွားရမှာဖြစ်ကြောင်း ဒေါက်တာ'ဗန်ကာခိုဗ်'က ပြောကြားသွားပါတယ်။
Source: The Straits Times.