#WorldHealth
Published - 14 March 2022
ကိုရိုနာဗိုင်းရပ်စ်ရဲ့ ဒယ်လ်တာမျိုးဗီဇကွဲနဲ့ အိုမီခရွန်မျိုးဗီဇကွဲတို့မှ မျိုးရိုးဗီဇများပေါင်းစပ်သွားကာ ပေါ်ပေါက်လာသည့်မျိုးဗီဇကွဲအသစ်ကို 'ဒယ်လ်တာခရွန်'လို့အမည်ပေးခဲ့ကြပါတယ်။

အဆိုပါဒယ်လ်တာခရွန်မျိုးဗီဇကွဲကူးစက်မှုကို အမေရိကန်နဲ့ဥရောပမှလူနာ အနည်းဆုံး ၁၇ ဦးမှာတွေ့ရှိခဲ့ကြကြောင်း သုတေသီများထုတ်ဖော်ပြောကြားလိုက်ပါတယ်။

ဒယ်လ်တာခရွန်ကူးစက်ခံရသူ အလွန်နည်းပါးလွန်းသေးတာကြောင့် ဒီမျိုးဗီဇကွဲအသစ်က အလွန်ကူးစက်မြန်နိုင်လား ဒါမှမဟုတ် ရောဂါဆိုးရွားပြင်းထန်စေလားဆိုတာကို မသိရသေးကြောင်း ပြင်သစ်နိုင်ငံမာဆေးလ်မြို့ရှိ IHU Mediterranee Infection ကုမ္ပဏီမှ 'ဖီးလစ်ကော်ဆန်'က medRxiv ဝက်ဘ်ဆိုက်မှာ အင်္ဂါနေ့ကဖော်ပြခဲ့ပါတယ်။

အဆိုပါ SARS-CoV-2 ဗိုင်းရပ်စ်မျိုးဗီဇကွဲအသစ်ဟာ ဒယ်လ်တာမျိုးဗီဇကွဲရဲ့ကိုယ်ထည်နဲ့ အိုမီခရွန်မျိုးဗီဇကွဲရဲ့စပိုက်ခ်ပရိုတိန်းတို့ကို ပေါင်းစပ်ထားတာဖြစ်ပြီး ပြင်သစ်နိုင်ငံအတွင်းကူးစက်သူ အနည်းဆုံး ၃ ယောက်တွေ့ရှိထားကြောင်း ဖော်ပြထားပါတယ်။

အမေရိကန်မှာလည်း ဒယ်လ်တာခရွန်မျိုးဗီဇကွဲကူးစက်သူ ၂ ဦးတွေ့ရှိထားကြောင်းကို မျိုးရိုးဗီဇလေ့လာရေးကုမ္ပဏီ Helix က medRxiv မှာ ဖော်ပြထားပါတယ်။

ဗိုင်းရပ်စ်ရှာဖွေလေ့လာရေးသတင်းများအရ ဇန်နဝါရီလကစပြီး ဥရောပမှာ ဒယ်လ်တာခရွန်မျိုးဗီဇကွဲကူးစက်သူ ၁၂ ယောက်တိုးလာခဲ့ပါတယ်။

လူသားဆဲလ်တစ်ခုတည်းအတွင်း မျိုးဗီဇကွဲနှစ်မျိုးကူးစက်တဲ့အခါ ကိုရိုနာဗိုင်းရပ်စ်အချင်းချင်း မျိုးရိုးဗီဇပေါင်းစပ်ခြင်းတွေထွက်ပေါ်လာနိုင်ပါတယ်။

"SARS-CoV-2 ဗိုင်းရပ်စ်ကပ်ရောဂါကာလမှာ တူညီတဲ့အချိန်ကာလတစ်ခုနဲ့ တူညီတဲ့နေရာဒေသတစ်ခုအတွင်း မျိုးဗီဇကွဲ ၂ မျိုး ဒါမှမဟုတ် ၂ မျိုးထက်ပိုပြီးကူးစက်ပြီဆိုရင် အဆိုပါမျိုးဗီဇကွဲတွေအချင်းချင်း ပေါင်းစပ်သွားနိုင်ချေရှိနေပါတယ်။ အဆိုပါဗိုင်းရပ်စ်အသစ်ကို အချိန်တိုအတွင်းစမ်းသပ်စစ်ဆေးတွေ့ရှိနိုင်မယ့် PCR test ကို ဖန်တီးထုတ်လုပ်ထားပါတယ်" လို့ 'ကောလ်ဆန်'က ပြောပြသွားပါတယ်။

Source: Reuters