Published-4 August 2021
ဝါရှင်တန် ဩဂုတ်-၃
အမေရိကန်နိင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်က အမေရိကန်ပြည်ထောင်စုဟာ အင်ဒိုနီးရှားနိုင်ငံနှင့် မဟာဗျူဟာမြောက်ဆွေးနွေးမှုကို စတင်လိုက်တယ်လို့ အင်္ဂါနေ့ကကြေညာပါတယ်။ နှစ်နိုင်ငံဟာ တောင်တရုတ်ပင်လယ်ထဲမှာ လွတ်လပ်စွာရေကြောင်းသွားလာမှုကို ခုခံကာကွယ်တာအပါအဝင် အရေးကိစ္စတွေမှာ အတူတကွလုပ်ဆောင်ကြဖို့ ကတိကဝတ်ပြုခဲ့ကြတယ်လို့လည်း သူကပြောပါတယ်။
 
အမေရိကန်ကိုရောက်နေတဲ့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရက်နိုမာဆူဒီနှင့် ဘလင်ကင်တို့ဟာ ဝါရှင်တန်မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ကိုဗစ်-၁၉တိုက်ဖျက်ရေး၊ ရာသီဥတုအကြပ်အတည်းနှင့် နှစ်နိုင်ငံကုန်သွယ်ရေးနှင့်စီးပွားဆက်ဆံမှုမြှင့်တင်ရေးတွေမှာ အတူတကွဆောင်ရွက်ကြဖို့ ကတိပြုခဲ့ကြတယ်လို့ နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ကြေညာပါတယ်။
 
အင်ဒိုနီးရှားဟာ အာဆီယံ၁၀နိုင်ငံမှာ နိုင်ငံအရ၊စီးပွားရေးအရ အကြီးဆုံးနိုင်ငံဖြစ်ပီး အာဆီယံအဖွဲ့ဟာ အာရှမှာ တရုတ်ဩဇာ ကြီးထွားလာတာကို ရင်ဆိုင်ဖို့ သူ့ရဲ့အားထုတ်မှုမှာ သော့ချက်တစ်ခုလို့ ဝါရှင်တန်က ရှုမြင်ထားတာဖြစ်ပါတယ်။
 
နှစ်နိုင်ငံစလုံးက မဟာဗျူဟာမိတ်ဖက်အဖြစ် တည်ထောင်ဖို့ ၂၀၁၅မှာ သဘောတူထားခဲ့ကြပါတယ်။ ဒါပေမယ့် ဆွေးနွေးမှုက အခုမှတကယ်အစပျိုးတာဖြစ်တယ်လို့ ဘလင်ကင်က မာဆူဒီနှင့်အတူဘေးမှာရပ်ရင်း သတင်းထောက်တွေကို ပြောခဲ့ပါတယ်။
 
“ အင်ဒိုနီးရှားဟာ အမေရိကန်ပြည်ထောင်စုရဲ့ ခိုင်မာတဲ့ဒီမိုကရက်တစ်မိတ်ဖက်ဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ မျက်နှာစာ တော်တော်များများမှာ အတူလက်တွဲဆောင်ရွက်နေကြပါတယ်” လို့ အမေရိကန်နိင်ငံခြားရေးဝန်ကြီးက ပြောဆိုလိုက်ပြီး အာဆီယံအဖွဲ့တွင်းမှာ အင်ဒိုနီးရှားရဲ့ ခိုင်မာတဲ့အသံကိုလည်း ချီးကျူးလိုက်ပါတယ်။
 
အင်ဒိုနီးရှားနှင့် ခိုင်မာတဲ့မိတ်ဖက်ဆောင်ရွက်တာဟာ ဒေသတွင်းမှာ ရှင်တို့ရဲ့ ထိတွေ့ဆက်ဆံမှုတိုးတက်လာဖို့အတွက် အဓိက ပိုင်ဆိုင်မှုတစ်ခုပဲ လို့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး က ဘလင်ကင်ကို ပြန်ပြောခဲ့ပါတယ်။
 
အာဖဂန်နစ္စတန်ငြိမ်းချမ်းရေးစေ့စပ်ဆွေးနွေးမှုတွေကိုထောက်ခံတဲ့ အင်ဒိုနီးရှားရဲ့ အားထုတ်မှုတွေကို ဘလင်ကင်က ချီးကျူးလိုက်ပြီး အာဆီယံအဖွဲ့ဝင်မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ်ပြန်ရောက်ဖို့ အရေးကြီးတာကိုလည်း ဘလင်ကင်က အလေးထားပြောဆိုခဲ့တယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
Source: Reuters