#WorldPolitics

Published - 23 February 2022


ယူကရိန်းနိုင်ငံအရှေ့ဘက်ရှိ ခွဲထွက်ရေးနယ်မြေများသို့ ရုရှားတပ်ဖွဲ့များအားစေလွှတ်ခဲ့တဲ့အတွက် အင်္ဂါနေ့က အနောက်နိုင်ငံတွေက ရုရှားအပေါ်ဒဏ်ခတ်ပိတ်ဆို့မှုအသစ်တွေ ချမှတ်လိုက်ပြီး နောက်ထပ်အလုံးအရင်းဖြင့်ဝင်ရောက်ကျူးကျော်လာပါက ဒီထက်ပိုပြင်းထန်တဲ့ပိတ်ဆို့မှုတွေ ချမှတ်သွားဦးမှာဖြစ်ကြောင်း သတိပေးလိုက်ပါတယ်။

အမေရိကန်၊ ဥရောပသမဂ္ဂ၊ ဗြိတိန်တို့က ရုရှားဘဏ်တွေနဲ့ အရေးကြီးပုဂ္ဂိုလ်များကိုပစ်မှတ်ထားအရေးယူဖို့ ကြေညာလိုက်ပြီး ဂျာမနီနိုင်ငံကလည်း ရုရှားရဲ့ဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းကြီးကို ရပ်တန့်လိုက်ပါတယ်။

ရုရှားသမ္မတ'ဗလက်ဒီမီယာပူတင်'က ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တစ်ရပ်အနေနဲ့ ယူကရိန်းခွဲထွက်ရေးနယ်မြေများဖြစ်တဲ့ ဒိုနက်စ်မြို့နဲ့ လူဟန့်စ်မြို့များသို့ ရုရှားစစ်သည်များအားစေလွှတ်ဖို့ အမိန့်ပေးခဲ့ရာ အမေရိကန်တို့က ဒါဟာအခြေအမြစ်မရှိတဲ့လုပ်ရပ်ဖြစ်တယ်လို့တုန့်ပြန်လိုက်ပါတယ်။

ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း မက်ဆာမှဖမ်းယူရရှိခဲ့တဲ့ အာကာသဂြိုဟ်တုပုံရိပ်များတွင် ယူကရိန်းနယ်စပ်နဲ့ထိစပ်နေတဲ့ ဘီလာရုစ်တောင်ပိုင်းရှိ လေယာဉ်ကွင်းငယ်တစ်ခုမှာ ရုရှားစစ်တပ်ယာဉ်ပေါင်း ၁ ရာကျော်ထပ်ရောက်လာပြီး ရုရှားအနောက်ဘက်မှာလည်း တပ်ဖွဲ့တွေနဲ့ လက်နက်ပစ္စည်းအများအပြား ထပ်မံရောက်ရှိလာတာကို တွေ့မြင်ခဲ့ကြပါတယ်။
သံတမန်ရေးညှိနှိင်းမှုများမှာလည်း အခုထက်ထိအောင်မြင်မှုမရရှိသေးတဲ့အပြင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး 'အန်တိုနီဘလင်ကန်'၊ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး 'ဂျွန်ယိဗ်လီဒရီယန်'တို့က ရုရှားနိုင်ငံခြားရေးဝန်ကြီး 'ဆာဂျီလက်ဗ်ရော့ဗ်'နဲ့ တွေ့ဆုံဖို့စီစဉ်ထားခြင်းကိုလည်း အင်္ဂါနေ့က ဖျက်သိမ်းလိုက်ပါတယ်။

"ရှင်းရှင်းလင်းလင်းပြောရရင် ရုရှားက ယူကရိန်းနိုင်ငံရဲ့ အစိတ်အပိုင်းကြီးတစ်ခုကို ဖဲ့ယူလိုက်သလိုပါပဲ။ ဒါဟာရုရှားတို့ကျူးကျော်ခြင်းရဲ့ အစပဲရှိပါသေးတယ်" လို့ အမေရိကန်သမ္မတ'ဂျိုးဘိုင်ဒန်'က မိန့်ခွန်းမှာပြောကြားခဲ့ပါတယ်။

အက်စ်တိုးနီးယား၊ လတ်ဗီးယား၊ လစ်သူရေးနီးယားနိုင်ငံတို့ထံ စစ်အင်အားဖြည့်တင်းသွားဖို့နဲ့ အမေရိကန်ခြေလျင်တပ်သား ၈၀၀ နဲ့ F-35 ဂျက်လေယာဉ် ၈ စင်းတို့ကို နေတိုး(NATO)တပ်ဖွဲ့အရှေ့ဘက်ခြမ်းသို့ ပို့ဆောင်သွားမယ့်အစီအစဉ်တွေကို 'ဘိုင်ဒန်'က ကြေညာသွားခဲ့ပါတယ်။

သံတမန်ရေးနည်းလမ်းအတိုင်းသွားဖို့ အမြဲတမ်းလမ်းဖွင့်ထားကြောင်း၊ ဒါပေမဲ့ ရုရှားနိုင်ငံရဲ့အကျိုးအမြတ်နဲ့ ရုရှားပြည်သူတွေရဲ့လုံခြုံရေးကိစ္စရပ်တွေမှာ ခြွင်းချက်မရှိကာကွယ်သွားမှာဖြစ်ကြောင်း 'ပူတင်'က ဗုဒ္ဓဟူးနေ့အစောပိုင်းက ပြောကြားသွားပါတယ်။

ယူကရိန်းအနေနဲ့ နေတိုးအဖွဲ့ဝင်အဖြစ် ဘယ်သောအခါမှ ဝင်ရောက်ခြင်းမပြုဖို့ကတိကဝတ်အပါအဝင် လုံခြုံရေးအာမခံချက်တွေကို ရုရှားတို့က အလိုရှိနေတာဖြစ်ပါတယ်။

အမေရိကန်တို့က VEB ဘဏ်နဲ့ ရုရှားစစ်တပ်ပိုင် ပရွမ်စ်ဗယက်ဘဏ်တို့ကို အရေးယူပိတ်ဆိုခြင်းများ ပြုလုပ်ထားပြီဖြစ်ပါတယ်။အင်္ဂါနေ့ကစပြီး ရုရှားစစ်တပ်မှ အထက်တန်းလွှာလူတန်းစားတွေနဲ့ သူတို့ရဲ့မိသားစုဝင်တွေကို စတင်ဒဏ်ခတ်ပိတ်ဆို့မှုတွေ ပြုလုပ်တော့မှာဖြစ်ပါတယ်။

ရုရှားနိုင်ငံမှ တက်စ်သတင်းဌာနရဲ့ဖော်ပြချက်အရ ပရွမ်စ်ဗယက်ဘဏ်က အချိန်မီကြိုတင်ပြင်ဆင်ကာကွယ်မှုတွေပြုလုပ်ထားတဲ့အတွက် ဒဏ်ခတ်ပိတ်ဆို့မှုတွေက သိပ်ပြီးထိရောက်မှုရှိမှာမဟုတ်ဘူးလို့ တုန့်ပြန်လိုက်ပါတယ်။

ရုရှားတို့ ဒီထက်ပိုပြီးကျူးကျော်မလာချင်အောင် ကြိုးပမ်းနေကြတာကြောင့် အနောက်နိုင်ငံတွေက အပြင်းထန်ဆုံးဒဏ်ခတ်ပိတ်ဆို့မှုတွေကိုတော့ ရုတ်သိမ်းခဲ့ပါတယ်။
ရုရှားတို့နောက်ထပ်ကျူးကျော်လာပါက Sberbank နဲ့ VTB ဘဏ်တို့ကို ဒဏ်ခတ်ပိတ်ဆို့မှုပြုလုပ်သွားမှာဖြစ်ပြီး စီးပွားရေးမှာထိခိုက်မှုတွေဖြစ်လာနိုင်တယ်လို့ အမေရိကန်အကြီးတန်းအရာရှိတစ်ဦးက သတိပေးလိုက်ပါတယ်။

ရုရှားနိုင်ငံခြားရေးဝန်ကြီး 'ဆာဂျီလကဗ်ရော့ဗ်'က "အနောက်နိုင်ငံတွေ သူတို့တတ်နိုင်တဲ့ဒဏ်ခတ်ပိတ်ဆို့မှုတွေမကုန်သေးသရွေ့ ကျွန်တော်တို့ဆီက ဥရောပ အမေရိကန် ဗြိတိသျှကောလိပ်တွေ ရပ်တန့်သွားမှာမဟုတ်ပါဘူး" လို့ ပြောကြားလိုက်ပါတယ်။
Source: Reuters