#WorldHealth
Published 23 February 2022

 

လူ့ခန္ဓာကိုယ်ထဲက ခုခံအားစနစ်မှာပါဝင်တဲ့ ဆိုက်တိုတောက်ဆစ်တီဆဲလ်ရဲ့ တုန့်ပြန်လှုပ်ရှားပုံတွေကို လေ့လာကြည့်ကြရာ အချို့လူအနည်းငယ်ရဲ့ ခန္ဓာကိုယ်ခုခံအားစနစ်ကို လက်ရှိကိုဗစ်မျိုးဗီဇကွဲတွေက ရှောင်ရှားသွားနိုင်ကြောင်း တွေ့ရှိခဲ့ကြပါတယ်။

 

ဆိုက်တိုတောက်ဆစ်တီဆဲလ်တွေက ခန္ဓာကိုယ်ခုခံအားစနစ်အစိတ်အပိုင်းတစ်ခုဖြစ်ကာ ခန္ဓာကိုယ်ထဲဝင်ရောက်လာတဲ့ ဗိုင်းရပ်စ်ကူးစက်ဆဲလ်တွေ၊ အကြိတ်ဆဲလ်တွေ၊ အသားစတစ်ရှူးတွေကို ဖျက်ဆီးပေးတဲ့ အကျိုးပြုဆဲလ်တစ်မျိုးဖြစ်ပါတယ်။

 

ပဋိပစ္စည်း antibody တွေမလိုအပ်ဘဲ ခုခံအားစနစ်ကို လှုံ့ဆော်ပေးနိုင်တာကြောင့် ပဋိပစ္စည်းမထွက်နိုင်တဲ့ ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်သူတွေမှာ အရေးကြီးတဲ့အစိတ်အပိုင်းဖြစ်ပါတယ်။

 

လေ့လာစမ်းသပ်ချက်တွေအရ လက်ရှိကိုဗစ်ဗိုင်းရပ်စ်ပိုးတွေဟာ ဆင့်ကဲပြောင်းလဲပြီး ဆိုက်တိုတောက်ဆစ်တီဆဲလ်တုန့်ပြန်မှုကို ရှောင်ရှားသွားနိုင်တဲ့အပြင် နောက်ထပ်ဆင့်ကဲသန္ဓေပြောင်းလဲခြင်းတွေပါ ဖြစ်ပေါ်လာနိုင်ပါတယ်။

 

သုတေသနအဖွဲ့က ဒီလိုခုခံအားကျဆင်းရတဲ့ပြဿနာကို သိရှိနိုင်ဖို့ တွက်ချက်လေ့လာကြည့်ရာမှာ လူ ၁၀ ယောက်အနက် ၉ ယောက်က မူလကိုရိုနာဗိုင်းရပ်စ်ကို ခုခံပေးမယ့် တီဆဲလ်တု့န်ပြန်မှုထွက်ပေါခဲ့တာကို တွေ့ရှိခဲ့ကြပါတယ်။

 

နောက်တစ်ဆင့်ကို ဆက်လက်လေ့လာကြည့်ရာမှာ ဗိုင်းရပ်စ်က ဆက်တိုက်ဆင့်ကဲပြောင်းလဲနေပြီး ဆိုက်တိုတောက်ဆစ်တီဆဲလ်ခုခံအားကနေ လွတ်မြောက်နိုင်တဲ့ မျိုးဗီဇကွဲတွေကို ထုတ်လုပ်နိုင်တာကို တွေ့ရှိခဲ့ပါတယ်။

 

အဲဒီနောက်မှာတော့ ဒီလိုပြောင်းလဲမှုပြဿနာတွေကိုသိရှိအောင်ပြုလုပ်ဖို့ ဆုံးဖြတ်ခဲ့ကြပြီး ခုခံအားစနစ်အားရှောင်လွှဲသွားနိုင်တဲ့ အခြေအနေကိုသိရှိလာရန် ကြိုးပမ်းခဲ့ကြပါတယ်။

 

ကမ္ဘာ့အနှံ့က ဒေသအချို့မှာ တီဆဲလ်ခုခံအားစနစ်ကို ရှောင်ရှားသွားနိုင်တဲ့ မျိုးဗီဇကွဲတွေ ထပ်ခါထပ်ခါပြန်လည်ပေါ်ထွက်နေခဲ့တာကို တွေ့ရှိခဲ့ကြပါတယ်။

 

ဆာဟာရအာဖရိက၊ အရှေ့အာရှနဲ့ အရှေ့တောင်အာရှတို့ကလူတွေမှာ တီဆဲလ်ခုခံအားကိုရှောင်ရှားနိုင်တဲ့ ကိုရိုနာဗိုင်းရပ်စ်မျိုးဗီဇကွဲတွေ ပိုပြီးအဖြစ်လွယ်ကာ ခန္ဓာကိုယ်ခုခံအားမထုတ်လုပ်နိုင်တာကို တွေ့ရှိခဲ့ပါတယ်။

 

လူတစ်ဦးတစ်ယောက်ချင်းစီမှာ အခုလိုဆင့်ကဲပြောင်းလဲခြင်းဖြစ်စဉ်ဖြစ်ပေါ်ခြင်းက တစ်ကမ္ဘာလုံးရှိလူတွေကိုတော့ ခြိမ်းခြောက်တာမျိုးမဖြစ်နိုင်ပါဘူး။

 

အချို့သောလူအနည်းငယ်မှာ ဒီလိုဖြစ်စဉ်တွေဖြစ်ပေါ်လေ့ရှိတာကို သတိထားမိပြီး အနီးကပ်စောင့်ကြည့်လေ့လာမယ်ဆိုပါက ဒေသတွင်းကူးစက်ပျံ့ပွားမှုဖြစ်ရတဲ့အကြောင်းအရင်းကို သိရှိနိုင်မှာဖြစ်ပြီး ဘယ်လိုကာကွယ်ရမလဲဆိုတာကိုပါ သိရှိလာမှာဖြစ်ပါတယ်။

 

အချို့နေရာတွေမှာ ကိုဗစ်ကာကွယ်ဆေးထိုးနှံမှုနှုန်း အရှိန်နည်းနေပြီး ခန္ဓာကိုယ်ခုခံအားစနစ်ကိုရှောင်ရှားနိုင်တဲ့ မျိုးဗီဇကွဲကူးစက်မှုတွေဖြစ်ပွားလာပါက ကျန်းမာရေးကိုသိသိသာသာထိခိုက်လာနိုင်ပြီး လူမှုစီးပွားရေးမှာလည်း အခက်အခဲတွေဖြစ်လာမှာပါ။

 

Source: The Jerusalem Post
#Yangon_Media_Group