#WorldPolitics
Published - 19 February 2022


ရုရှားဘက်မှကျောထောက်နောက်ခံပြုထားတဲ့ ခွဲထွက်ရေးသမားတွေဟာ ယူကရိန်းအုပ်ချုပ်မှုအောက်ကနေ ကင်းလွတ်နေတဲ့ဒေသများမှ အရပ်သားပြည်သူတွေကို ဘတ်စ်ကားများဖြင့်ထွက်ခွာသွားကြဖို့ လိုက်လံဆော်ဩနေခဲ့ရာ အနောက်နိုင်ငံတွေစိုးရိမ်တဲ့အတိုင်း ကျူးကျော်တိုက်ခိုက်ဖို့ အကြောင်းအရင်းတစ်ခုဖန်တီးလာကြတာကို တွေ့မြင်နေရပါတယ်။

ဒါကြောင့် ယူကရိန်းကို လာမယ့်ရက်ပိုင်းအတွင်းကျူးကျော်ဖို ရုရှားသမ္မတ'ဗလက်ဒီမီယာပူတင်'က ဆုံးဖြတ်ချက်ချလိုက်ပြီလို့ ခန့်မှန်းရကြောင်း အမေရိကန်သမ္မတ'ဂျိုးဘိုင်ဒန်'က သောကြာနေ့က ပြောကြားလိုက်ပါတယ်။

ပုန်ကန်ရေးအဖွဲ့ခေါင်းဆောင်တွေက သိန်းပေါင်းများစွာသောအရပ်သားတွေကို ရုရှားနိုင်ငံဆီ ထွက်ပြေးကြဖို့ လိုက်လံကြေညာခဲ့ကြပြီး သောကြာနေ့မှာတော့ ဒိုနက်စ်နဲ့ လူဟန့်စ်က်မြို့တွေမှာ သတိပေးချက်ဥဩသံတွေ ထွက်ပေါ်လာခဲ့ပါတယ်။

စစ်အေးကာလအလွန် အဆိုးရွားဆုံးပြဿနာအကြပ်အတည်းဖြစ်စဉ်တွင် ရုရှားက ယူကရိန်းနိုင်ငံကို နေတိုး(NATO)အဖွဲ့ဝင်အဖြစ် မသတ်မှတ်စေလိုဘဲ ယူကရိန်းကိုကျူးကျော်ဖို့ အစီအစဉ်မရှိကြောင်း ငြင်းဆိုထားကာ အနောက်နိုင်ငံကို အပြင်းအထန်စွပ်စွဲပြောကြားထားပါတယ်။

အမေရိကန်နဲ့မဟာမိတ်အဖွဲ့တွေကလည်း ရုရှားတို့က ယူကရိန်းနယ်စပ်နားမှာ စစ်အင်အားတိုးချဲ့မှုတွေ ဆက်လက်ပြုလုပ်လာကြောင်း အခိုင်အမာယူဆနေကြပါတယ်။
"ရုရှားတပ်တွေ လာမယ့်ရက်ပိုင်းအတွင်း ယူကရိန်းကိုတိုက်ခိုက်ဖို့ စစ်ဆင်ရေးဆွဲနေကြတယ်လို့ ယူဆလိုရပါတယ်။ မြို့တော်ကိဗ်ကို အဓိကပစ်မှတ်ထားပြီး တိုက်ခိုက်လာနိုင်ပါတယ်။

အခုအချိန်လောက်ဆိုရင် 'ပူတင်'ဆုံးဖြတ်ချက်ချပြီးလောက်ပြီလို စိတ်ထဲမှာယုံကြည်နေပါတယ်" လို့ 'ဘိုင်ဒန်'က အိမ်ဖြူတော်မှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
အိမ်ဖြူတော်မှ မီဒီယာရှင်းလင်းပွဲတာဝန်ခံ 'ယန်ဆာကီ'က "ကျွန်မတို့မျှော်မှန်းထားတဲ့အတိုင်း ရုရှားက မြေပြင်မှာသတင်းအမှားတွေလွှင့်မယ်၊ ရှုပ်ထွေးမှုတွေဖြစ်အောင်လုပ်မယ်၊ စစ်ပွဲဖြစ်ပွားလာအောင် အကြောင်းပြချက်တွေဖန်တီးမယ်။ ဒါဟာအမေရိကန်က စိုးရိမ်နေတဲ့အတိုင်း ဖြစ်လာတာပါပဲ" လို့ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

သောကြောနေ့နှောင်းပိုင်းမှာ ယူကရိန်းစစ်တပ်ထောက်လှမ်းရေးရဲ့ ပြောကြားချက်အရ ရုရှားအထူးတပ်ဖွဲ့တွေဟာ ဒိုနက်စ်မြို့ရှိ လူမှုအချက်အခြာအဆောက်အအုံတွေမှာ ဗုံးထောင်ခြင်းတွေပြုလုပ်ပြီး ပြည်သူတွေကို အိမ်ထဲမှာပဲနေဖို့ တိုက်တွန်းနေကြပါတယ်။
ရုရှားပြည်ထောင်စုလုံခြုံရေးအဖွဲ့အစည်းကတော့ ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး ပြန်လည်ဖြေကြားခြင်းမရှိသေးပါဘူး။

မြေပြင်မှသတင်းထောက်တွေရဲ့တင်ပြချက်အရ ယူကရိန်းမှခွဲထွက်ထားတဲ့ လူဟန့်စ်က်မြို့မှာ ပေါက်ကွဲမှုနှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး ထိုဒေသရှိ ဂတ်စ်ပိုက်လိုင်းတစ်နေရာကိုပါထိခိုက်ခဲ့ကြောင်း သိရှိရပါတယ်။

ဒီမတိုင်ခင်မှာ ဒိုနက်စ်နဲ့ လူဟန့်စ်က်မြို့တွေမှာရှိတဲ့ ခွဲထွက်ရေးအဖွဲ့ခေါင်းဆောင်တွေက ဗီဒီယိုထုတ်လွှင့်မှုတွေပြုလုပ်ခဲ့ရာ ပြည်သူတွေကို နေရပ်စွန့်ခွာထွက်ပြေးကြဖို့ ကြေညာကြပြီး ဒိုနက်စ်နဲ့လူဟန့်စ်က်မြို့တွေကို ယူကရိန်းကတိုက်ခိုက်ဖို့ ပြင်ဆင်နေတယ်လို့ စွပ်စွဲပြောကြားထားပါတယ်။

ဒါပေမဲ့ဗီဒီယိုတစ်ခုက နောက်ဆုံးပေါက်ကွဲပစ်ခတ်မှုမဖြစ်ခင် ဗုဒ္ဓဟူးနေ့မှာ ရိုက်ကူးဖန်တီးထားကြောင်း အဆိုပါဗီဒီယိုထဲမှာ တွေ့မြင်နိုင်ပါတယ်။
ဗီဒီယိုရိုက်ကူးရက်စွဲကို အပေါ်ကထပ်ရေးလို့ရတာကြောင့် အနောက်နိုင်ငံမှ သုံးသပ်သူတွေကြား သံသယဖြစ်ပွားစရာတွေ ဖြစ်လာပါတယ်။

နေရပ်စွန့်ခွာဖို့မကြေညာခင်က ဒိုနက်စ်မြို့ ပုန်ကန်ရေးအစိုးရအဖွဲ့အဆောက်အအုံအပြင်ဘက်မှာ ဂျစ်ကားတစ်စီးပေါက်ကွဲမှုဖြစ်ခဲ့ပါတယ်။ဂျစ်ကားပေါက်ကွဲမှုကို ရိုက်တာမှဂျာနယ်လစ်များ မြင်တွေ့ခဲ့ကြပြီး ဒီကားဟာ ခွဲထွက်ရေးအဖွဲ့မှ အရာရှိတစ်ဦးရဲ့ကားဖြစ်ကြောင်း ရုရှားမီဒီယာများက ထုတ်ပြန်ခဲ့ပါတယ်။

ရုရှားဘာသာစကားအများစုပြောကြတဲ့ မိသားစုတွေကို ရုရှားဘက်က နိုင်ငံသားခံယူခွင့်ပေးအပ်ခဲ့ပြီးဖြစ်ကာ နာရီပိုင်းအကြာ၌ပင် ဒိုနက်စ်မြို့ရှိ ထွက်ခွာရာစုရပ်ကနေ ဘတ်စ်ကားများဖြင့် ထွက်ခွာသွားကြပါတယ်။

၁၉၉၁ ခုနှစ်ဆိုဗီယက်ပြည်ထောင်စုပြိုကွဲရာမှာ ယူကရိန်းနိုင်ငံခွဲထွက်သွားခြင်းက ရုရှားတို့အတွက် အကြီးမားဆုံးနစ်နာမှုဖြစ်ခဲ့ရပါတယ်။
Source: Reuters