#WorldHealth
Published - 19 February 2022
ယခုဆောင်းရာသီကာလအတွင်း အမေရိကန်မှာ အိုမီခရွန်ကူးစက်မှုအများအပြားဖြစ်ခဲ့ပြီးနောက် အမေရိကန်ရှိလူတွေမှာ ကိုရိုနာဗိုင်းရပ်စ်ခုခံနိုင်စွမ်း မြင့်မားလာပြီဖြစ်ပြီဖြစ်ပါတယ်။

အမေရိကန်ရှိ သန်းပေါင်းများစွာသောလူတွေရဲ့ ခန္ဓာကိုယ်ဟာ အခုအခါကိုရိုနာဗိုင်းရပ်စ်ကို သိရှိမှတ်မိနေပြီဖြစ်ကာ အိုမီခရွန်မျိုးဗီဇကွဲ ဒါမှမဟုတ် အခြားမျိုးဗီဇကွဲတစ်ခုခု ဝင်ရောက်လာတဲ့အခါ တိုက်ထုတ်နိုင်မှာဖြစ်ပါတယ်။

အမေရိကန်လူမျိုးတဝက်ခန့်ဟာ booster ကိုဗစ်အားမြှင့်ကာကွယ်ဆေးထိုးပြီးသားဖြစ်ပြီး သန်း ၈၀ နီးပါး ကိုဗစ်ရောဂါကူးစက်ဖူးထားပြီဖြစ်ပါတယ်။လေ့လာတွက်ချက်မှုအရ အမေရိကန်ရှိလူပေါင်း ၇၃ ရာခိုင်နှုန်းဟာ အိုမီခရွန်ကိုခုခံနိုင်ပြီဖြစ်ကာ မတ်လလယ်လောက်ရောက်ရင် ၈၀ ရာခိုင်နှုန်းအထိ ရှိလာနိုင်ပါတယ်။

ထိုကြောင့် အဆိုပါခုခံအားရရှိသူတွေမှာ ရောဂါလက္ခဏာမဖြစ်စေဘဲ ခန္ဓာကိုယ်ထဲ ဗိုင်းရပ်စ်လှည့်လည်ရှင်သန်နိုင်ချိန် နည်းပါးသွားမှာဖြစ်ပြီး ဆေးရုံတွေရှိ အထူးကြပ်မတ်ကုသရမှုတွေ လျော့နည်းလာနိုင်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ်တွေထဲက လက်ရှိမျိုးဗီဇကွဲနဲ့ နောင်ထွက်ပေါ်လာနိုင်မယ့်မျိုးဗီဇကွဲတွေက အန္တရာယ်ပေးနိုင်ဆဲဖြစ်ပါတယ်။အမေရိကန်မှာ နေ့စဉ် လူပေါင်း ၁၃၀,၀၀၀ ကျော်ကူးစက်လျက်ရှိပြီး ၂ ထောင်ကျော်သေဆုံးနေဆဲဖြစ်ပါတယ်။

ဗိုင်းရပ်စ်ကိုဟန့်တားနိုင်ဖို့ တစ်ကမ္ဘာလုံးမှာ ခုခံအားရရှိအောင်ဆောင်ရွက်ရာမှာ မျိုးဗီဇကွဲအသစ်များထွက်ပေါ်လာခြင်း၊ ကာကွယ်ဆေးခုခံအားစွမ်းရည်ကျဆင်းလာခြင်း၊ အချို့ လူတွေက ကာကွယ်ဆေးထိုးရန်ငြင်းဆန်ခြင်းတို့ကြောင့် အခက်အခဲတွေ ကြုံနေရပါသေးတယ်။

"လာမယ့်နွေရာသီမှာ ထပ်မံကူးစက်မှုတွေဖြစ်ပွားလာခဲ့ရင်တောင် ဆေးရုံတက်ကုသခံယူရမှုနဲ့ အသက်သေဆုံးမှုတွေ များလာတော့မှာမဟုတ်ပါဘူး" လို့ ကျန်းမာရေးမက်ထရစ်အဖွဲ့အစည်းမှ 'မော့ခ်ဒက်'က ပြောကြားလိုက်ပါတယ်။

အခုဆိုရင် အမေရိကန်လူမျိုးအများစုဟာ ကပ်ရောဂါမတိုင်ခင်အခြေအနေအတိုင်း သွားလာလှုပ်ရှားနေကြပြီဖြစ်ပါတယ်။နှာခေါင်းစည်းမဖြစ်မနေတပ်ဆင်ရခြင်းကို လျှော့ချလာကာ အလုပ်သမားဝန်ထမ်းတွေ အလုပ်ခွင်ပြန်ဝင်နေကြပြီး လေကြောင်းလိုင်းတွေမှာလည်း ခရီးသည်တွေ ပြန်လည်သွားလာနေကြပြီဖြစ်ပါတယ်။

ယခုလို ပုံမှန်အတိုင်းပြန်လည်လည်ပတ်ခြင်းက ဘယ်လောက်အထိ ကြာရှည်ခံမလဲဆိုတာနဲ့ နောက်ထပ်ကူးစက်မှု ထပ်ရောက်လာဦးမလားဆိုတာကို ကျွမ်းကျင်သူတွေက ကြိုးစားခန့်မှန်းနေကြပါတယ်။
Source: AP News