#WorldPolitics
Published - 17 February 2022
ယူကရိန်းနယ်စပ်အနီးရှိ ရုရှားစစ်တပ်အင်အား ထပ်မံတိုးချဲ့လာကြောင်း အနောက်နိုင်ငံတွေက ဗုဒ္ဓဟူးနေ့က သတိပေးလိုက်သလို ရုရှားတို့ နောက်ဆုတ်ဖို့ အရိပ်အယောင်မတွေ့ရတဲ့အပြင် အဓိကစစ်ရေးမြေပြင်နေရာတွေကို တိုက်ခိုက်သိမ်းပိုက်နိုင်လောက်တဲ့ စစ်တပ်အင်အားနဲ့ ချီတက်လှုပ်ရှားလာတာကိုတွေ့ရကြောင်း အက်စ်တိုးနီးယားနိုင်ငံကလည်း ပြောကြားလိုက်ပါတယ်။

သံချပ်ကာယာဉ်တွေ၊ ရဟတ်ယာဉ်တွေ၊ ယာယီဆေးကုသဆောင်တွေကိုတွေ့ရှိထားကြောင်းလည်း ဗြိတိန်ထောက်လှမ်းရေးနဲ့ ကာကွယ်ရေးဦးစီးချုပ်က မှတ်ချက်ပြုထားပါတယ်။
ယခုရက်ပိုင်းတွေမှာ နောက်ထပ်တပ်ဖွဲ့ အင်အား ၇,၀၀၀ ခန့် နယ်စပ်ကိုထပ်မံရောက်ရှိလာကြသလို ဗုဒ္ဓဟူးနေ့ကလည်း ရောက်လာကြသေးကြောင်း အမေရိကန်သမ္မတ'ဂျိုးဘိုင်ဒန်'ရဲ့အစိုးရအဖွဲ့ က ပြောကြားခဲ့ပါတယ်။

ကမ္ဘာ့အင်အားကြီးနိုင်ငံတွေအနေနဲ့ ပြီးခဲ့တဲ့ဆယ်စုနှစ်တွေအတွင်း အကြီးမားဆုံးပဋိပက္ခဖြစ်ပွားမှုမှာ ထိပ်တိုက်တွေ့ဆုံနေကြတာဖြစ်ပါတယ်။စစ်အေးကာလအလွန် ဩဇာလွှမ်းမိုးနိုင်ရေးနဲ့ စွမ်းအင်ထောက်ပံ့ရေးကိစ္စတွေမှာ အတိုက်အခံဖြစ်နေကြတဲ့အပြင် ယူကရိန်းအနေနဲ့ နေတိုး(NATO)အဖွဲ့ ထဲ ဘယ်တော့မှဝင်ရောက်ခြင်းမပြုဖို့ ရုရှားကအလိုရှိနေပါတယ်။

အနောက်နိုင်ငံတွေက ထိပ်တိုက်တွေ့ဆုံနေမှုကို ဖြေလျှော့ချဖို့ ကြိုးစားတဲ့အနေနဲ့ လက်နက်အင်အားထိန်းချုပ်ခြင်းနဲ့ နိုင်ငံဆက်ဆံရေးအကြား ယုံကြည်မှုတည်ဆောက်နေပေမယ့် အချိန်မရွေးတိုက်ပွဲဖြစ်လာနိုင်တာကြောင့် ယူကရိန်းမှာရှိတဲ့ အနောက်နိုင်ငံသားတွေကို ယူကရိန်းမှထွက်ခွာဖို့ မှာကြားထားပါတယ်။

ရုရှားတို့ က ကျူးကျော်ဖို့ အစီအစဉ်မရှိဘူးလို့ ကြေညာထားပေမယ့် စစ်အင်အားတိုးချဲ့နေတဲ့အပြင် တပ်ဆုတ်တာမျိုးလည်းမတွေ့ရကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး 'အန်တိုနီဘလင်ကန်'က MSNBC နဲ့အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။

ယူကရိန်းနယ်စပ်အနားမှာ ရုရှားစစ်အင်အား ၁၇၀,၀၀၀ ခန့် ရှိနေပြီးသားအပြင် နောက်ထပ်တိုက်ခိုက်ရေးတပ်ဖွဲ့ ၁၀ ဖွဲ့ လောက် ရွေ့လျားလာနေတာကို အက်စ်တိုးနီးယားထောက်လှမ်းရေးက တွေ့ရှိခဲ့ကြောင်း အက်စ်တိုနီးယားနိုင်ငံခြားထောက်လှမ်းရေးက ပြောကြားလိုက်ပါတယ်။

တိုက်ခိုက်မှုဖြစ်ပွားလာပါက အဓိကစစ်မြေပြင်နေရာတွေကို သိမ်းပိုက်ပြီး ဒုံးကျည်တိုက်ခိုက်မှုတွေ ပါဝင်လာနိုင်ပါတယ်။ရုရှားတို့ ယူကရိန်းကိုသိမ်းပိုက်နိုင်ခဲ့ပါက လာမယ့်နှစ်တွေမှာ ဘောလ်တစ်ဒေသတွေကိုလည်း ဖိအားပေးလာနိုင်မှာဖြစ်ပြီး 'ပူတင်'က စစ်ရေးခြိမ်းခြောက်မှုတွေနဲ့ အသုံးချလာနိုင်ပါတယ်။

ယူကရိန်းနယ်စပ်အနီးရှိ တောင်ပိုင်းနဲ့ အနောက်ပိုင်းစစ်ရေးဒေသတွေမှာ စစ်ရေးလေ့ကျင့်မှုတွေပြုလုပ်ပြီးနောက် ရုရှားတပ်ဖွဲ့ တွေ တပ်ဆုတ်လာပြီဖြစ်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ဆိုခဲ့ပြီး အိုင်ယာလန်နိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကလည်း ရုရှားတပ်ဖွဲ့တွေဟာ ၃ - ၄ ပတ်အတွင်း အခြေချရာနေရာကို ပြန်ရောက်ရှိမှာဖြစ်ကြောင်း ခုခံပြောကြားခဲ့ပါတယ်။

ထွက်ပေါ်လာတဲ့ဗီဒီယိုတစ်ခုမှာ တင့်ကားတွေ၊ ခြေလျင်တိုက်ခိုက်ရေးယာဉ်တွေ၊ အမြောက်တပ်တွေဟာ ခရိုင်မီယာကျွန်းဆွယ်ကနေ ထွက်ခွာလာတာကို မြင်တွေ့ရပါတယ်။
နေတိုးအဖွဲ့ မှတပ်မှူးတွေက တိုက်ခိုက်ရေးအစီအစဉ်တွေ ရေးဆွဲနေပြီး ဘူလ်ဂေးရီးယား၊ ရိုမေးနီးယား၊ ဟန်ဂေရီ၊ ဆလိုဗေးကီးယားနိုင်ငံတို့မှာ တပ်ဖွဲ့ တွေနေရာချထားနိုင်ကြောင်း သံတမန်တွေက ဆိုပါတယ်။

ပိုလန်နဲ့ ဘောလ်တစ်ဒေသနိုင်ငံတွေမှာ အနောက်နိုင်ငံတပ်ဖွဲ့အချို့ ရောက်ရှိနှင့်ပြီးသားဖြစ်နေပြီး နောက်ထပ်စစ်သည်တွေ ရှေ့တန်းသို့တက်ရောက်နိုင်ရန်အတွက် အချိန်ဆွဲပေးထားဖို့ ရည်ရွယ်ထားတာဖြစ်ပါတယ်။

ဗြိတိန်တို့ကလည်း အက်စ်တိုးနီးယားနိုင်ငံမှာ သူတို့ရဲ့တပ်ဖွဲ့အင်အားကို နှစ်ဆတိုးချဲ့လိုက်ပြီး ရုရှားနယ်စပ်နဲ့ထိစပ်ရာ ဘောလ်တစ်ဒေသတွေထံသို့ တင့်ကားတွေ၊ သံချပ်ကာတိုက်ခိုက်ရေးယာဉ်တွေ စေလွှတ်ထားပါတယ်။
Source: Reuters