#WorldHealth
Published - 17 February 2022
ကိုဗစ်နောက်ဆက်တွဲရောဂါလက္ခဏာတွေ ခံစားရတဲ့အကြောင်းအရင်းကို လေ့လာကြည့်ကြရာ ကိုရိုနာဗိုင်းရပ်စ်စတင်ကူးစက်ခံရစဉ် ခန္ဓာကိုယ်ထဲရှိ အရေးကြီးဆုံးအာရုံကြောနာ့ဗ်တွေထဲကတစ်ခုဖြစ်တဲ့ Vagus Nerve ထိခိုက်သွားတာကြောင့်ဖြစ်နိုင်ကြောင်း ယူဆထားကြပါတယ်။

Vagus nerve ဟာ အာရုံကြောနာ့ဗ်တွေထဲမှာ နံပါတ်(၁၀)မြောက်နာ့ဗ်ကြောဖြစ်ပြီး အရှုပ်ထွေးဆုံးနဲ့အရှည်လျားဆုံး အာရုံကြောဖြစ်ပါတယ်။သူဟာ ဦးနှောက်ကနေ မျက်နှာ ရင်ဘတ်နဲ့ ဝမ်းဗိုက်အထိ တည်ရှိနေပါတယ်။

ဦးနှောက်နဲ့ အစာအိမ်အူလမ်းကြောင်းကြား အဓိကချိတ်ဆက်ပေးထားပြီး အတွင်းအင်္ဂါတွေရဲ့ အခြေအနေကို ဦးနှောက်ဆီ သတင်းပြန်ပို့ ပေးပါတယ်။Vagus nerve ဟာ အစာအိမ်အူလမ်းကြောင်းစနစ်အတွက် အရေးကြီးတဲ့အပြင် ပါးစပ်ကနေ အစာအိမ်အထိ အစာသွားရာလမ်းကြောင်းနဲ့ အူလမ်းကြောင်းတလျှောက် ပို့ဆောင်ခြင်းကိုလည်း ထိန်းချုပ်ပေးပါတယ်။

နှလုံးခုန်နှုန်း၊ ချွေးထွက်ခြင်း၊ ပါးစပ်ရှိကြွက်သားလှုပ်ရှားမှု စတဲ့ဖြစ်စဉ်တွေမှာလည်း ပါဝင်ထိန်းချုပ်နေပါတယ်။လေ့လာစမ်းသပ်ချက်တွေအရ SARS-CoV-2 ကြောင့် Vagus nerve ထိခိုက်ခြင်း (VND) ဖြစ်ပွားရခြင်းတွင် ကိုဗစ်နောက်ဆက်တွဲရောဂါလက္ခဏာအများအပြား ပါဝင်နေပါတယ်။

အသံနေအသံထားမမှန်ခြင်း၊ အစာရေမြိုချရခက်ခဲခြင်း၊ မူးဝေခြင်း၊ နှလုံးခုန်မြန်ခြင်း၊ သွေးပေါင်ချိန်ကျခြင်း၊ အစာခြေစနစ်ထိခိုက်ခြင်းတို့ ဖြစ်နိုင်ပါတယ်။
ကိုဗစ်နောက်ဆက်တွဲရောဂါလက္ခဏာခံစားရပါက ခန္ဓာကိုယ်ထဲရှိ အင်္ဂါအားလုံးနီးပါး ထိခိုက်နိုင်တဲ့အပြင် စိတ်ကျန်းမာရေးအခြေအနေနဲ့ အာရုံကြောစနစ်တွေကိုပါ ထိခိုက်နိုင်ပါတယ်။

အဖြစ်အများဆုံး နောက်ဆက်တွဲလက္ခဏာတွေမှာ နွမ်းနယ်ခြင်း၊ ခေါင်းကိုက်ခြင်း၊ အသက်ရှူကြပ်ခြင်း၊ အနံ့အရသာပျောက်ခြင်း၊ ကြွက်သားအားနည်းခြင်းတို့ ပါဝင်ပါတယ်။

ဒီဖြစ်စဉ်တွေကိုပိုမိုသိရဖို့ အတွက် ကိုဗစ်နောက်ဆက်တွဲခံစားရတဲ့သူတွေမှာ vagus nerve စမ်းသပ်ချက်တွေ ပြုလုပ်ခဲ့ကြပါတယ်။အဖြစ်အများဆုံး vagus nerve ထိခိုက်မှုများထဲတွင် ဝမ်းလျှောခြင်းဝေဒနာခံစားရသူ ၇၃ ရာခိုင်နှုန်း၊ နှလုံးခုန်မြန်ခြင်း ၅၉ ရာခိုင်နှုန်း၊ မူးဝေခြင်း အစာမြိုရခက်ခဲခြင်း အသံပျက်ခြင်းတို့ က ၄၅ ရာခိုင်နှုန်း၊ သွေးပေါင်ချိန်ကျခြင်းက ၁၄ ရာခိုင်နှုန်းအသီးသီး တွေ့ရှိခဲ့ပါတယ်။

အချို့ လူနာတွေမှာ အစာခြေစနစ်အတွင်း ပြောင်းလဲမှုများတွေ့ရပြီး အစာရေမြိုချရခက်ခဲခြင်းတွေ ကြုံတွေ့ကြရပါတယ်။
Source: The Jerusalem Post