#WorldPolitics
Published - 7 February 2022
ယူကရိန်းကို ရက်ပိုင်း ဒါမှမဟုတ် ရက်သတ္တပတ်အတွင်း တိုက်ခိုက်ဖို့ ရုရှားသမ္မတ'ဗလက်ဒီမီယာပူတင်'က အမိန့်ပေးသွားနိုင်ကြောင်း အိမ်ဖြူတော်မှ အမျိုးသားလုံခြုံရေးအကြံပေးပုဂ္ဂိုလ် 'ဂျိတ်ဆာလီဗန်'က ဖေဖော်ဝါရီ ၆ ရက်နေ့က သတိပေးလိုက်ပါတယ်။

အမေရိကန်နဲ့ ဥရောပမဟာမိတ်နိုင်ငံတွေက ဒီအကျပ်အတည်းကို သံတမန်ရေးအရဖြေရှင်းနိုင်ဖို့ ပူတင်ကို ဆက်လက်ဖိအားပေးနေကြပါတယ်။"အခုကစပြီး ရုရှားတို့က အချိန်မရွေး ယူကရိန်းကို တိုက်ခိုက်လာနိုင်ပါတယ်။ နောက်လာမယ့်သီတင်းပတ်တွေမှာလည်း ဖြစ်နိုင်ပါတယ်။ ဒါမှမဟုတ် ရုရှားတို့အနေနဲ့ သံတမန်ရေးလမ်းကြောင်းကိုလည်း ရွေးချယ်နိုင်ပါတယ်" လို့ 'ဆာလီဗန်'က Fox News Sunday ကို ပြောကြားသွားပါတယ်။

ရုရှားတိုက်ခိုက်ရေးစစ်အင်အားရဲ့ ၇၀ ရာခိုင်နှုန်းလောက် နေရာချထားခြင်းက ယူကရိန်းကို အင်ပြည့်အားပြည့်ကျူးကျော်ဖို့ လုံလောက်တဲ့အင်အားဖြစ်ပါတယ်။
ယူကရိန်းနယ်စပ်အနီးမှာ ရုရှားစစ်သည် ၁ သိန်းကျော် တပ်စွဲထားပေမယ့် ကျူးကျော်ဖို့အစီအစဉ်မရှိဘူးလို့ ရုရှားတို့က ငြင်းဆိုထားပါတယ်။

ဒါပေမဲ့ သူတို့တောင်းဆိုထားတဲ့ လုံခြုံရေးကိစ္စရပ်တွေကို လိုက်လျောခြင်းမရှိပါက စစ်ရေးဆောင်ရွက်မှုတွေ ပြုလုပ်လာဖိုရှိပါတယ်။ရုရှားရဲ့တောင်းဆိုချက်ထဲမှာ နေတိုး(NATO)အဖွဲ့အနေနဲ့ ယူကရိန်းနိုင်ငံကို အဖွဲ့ဝင်အဖြစ်ဘယ်တော့မှ အသိအမှတ်မပြုဖို့အချက်လည်း ပါဝင်နေကာ အမေရိကန်နဲ့ နိုင်ငံ ၃၀ ပါဝင်တဲ့ အနောက်နိုင်ငံများလုံခြုံရေးမဟာမိတ်အဖွဲ့က ဒီတောင်းဆိုချက်ကို လက်မခံနိုင်ဘဲဖြစ်နေပါတယ်။

ပြင်သစ်သမ္မတ'အီမန်နျူယယ်မက်ခရွန်'က အမေရိကန်သမ္မတ'ဂျိုးဘိုင်ဒန်'နဲ့ တနင်္ဂနွေနေ့က မိနစ် ၄၀ ကြာ ဖုန်းဖြင့်ပြောဆိုဆွေးနွေးခဲ့ကြောင်း အိမ်ဖြူတော်က အသိပေးထားပါတယ်။

အဲဒီနောက် ပြင်သစ်သမ္မတက တနင်္လာနေ့မှာ မော်စကိုသို့ သွားရောက်ကာ ရုရှားတို့ နဲ့တွေ့ဆုံပြီး နိုင်ငံရေးတင်းမာမှုတွေကို ဖြေရှင်းနိုင်ဖို့ ဆွေးနွေးသွားကြမှာဖြစ်ပါတယ်။
ပူတင်ကို သံတမန်ရေးအရ မတားဆီးနိုင်ဘူးဆိုရင် ယူကရိန်းတို့ရဲ့ ဒွန်ဘက်စ်ဒေသအပါအဝင် ယူကရိန်းနိုင်ငံကို ဆိုက်ဘာတိုက်ခိုက်မှု ဒါမှမဟုတ် အင်အားပြည့်တိုက်ခိုက်ကျူးကျော်မှုတွေ ပြုလုပ်လာနိုင်ပါတယ်။

ထိုဒေသဟာ ၂၀၁၄ ခုနှစ်မှာ ရုရှားထောက်ခံသူခွဲထွက်ရေးသမားတွေက ယူကရိန်းအစိုးရလက်အောက်ကနေ လွတ်မြောက်လာခဲ့တဲ့နေရာဖြစ်ပါတယ်။
"ဗလက်ဒီမီယာပူတင်က ယူကရိန်းကိုတိုက်ခိုက်ဖို့ အမိန့်ပေးနိုင်ချေများတယ်လို့ ယူဆထားပါတယ်။ မနက်ဖြန် ဒါမှမဟုတ် လာမယ့်သီတင်းပတ်တွေအတွင်း ဖြစ်လာနိုင်ပါတယ်။ ယူကရိန်းကို အချိန်မရွေးတိုက်ခိုက်လာနိုင်တဲ့ စစ်ရေးပြင်ဆင်မှုတွေကို ပြုလုပ်ထားပါတယ်" လို့ 'ဆာလီဗန်'က ABC This Week အစီအစဉ်မှာ ပြောကြားလိုက်ပါတယ်။

ယူကရိန်းက နေတိုးအဖွဲ့ဝင်နိုင်ငံမဟုတ်သေးတဲ့အတွက် ယူကရိန်းကိုကာကွယ်ဖို့ အမေရိကန်စစ်သည်တွေကို ပို့ပေးမှာမဟုတ်ကြောင်း ဝါရှင်တန်က ရှင်းရှင်းလင်းလင်း ပြောကြားထားပါတယ်။

ဒါပေမဲ့ စစ်လက်နက်ထောက်ပံ့မှုတွေတော့ ပြုလုပ်ပေးထားပြီး အရှေ့ဥရောပဒေသကို ကာကွယ်ဖိုအတွက် ပိုလန်နဲ့ရိုမေးနီးယားတိုထံ အမေရိကန်စစ်အင်အား ၃ ထောင်နီးပါး စေလွှတ်မယ်လို့ ပြီးခဲ့တဲ့အပတ်က ပြောကြားလိုက်ပါတယ်။
Source: CNA