Published 07 February 2022

တောင်ကိုရီးယားကုမ္ပဏီတစ်ခုမှ ထုတ်လုပ်လိုက်တဲ့ ကော့စ်(kosk)ဆိုတဲ့ နှာခေါင်းစည်းဟာ အစာစားတဲ့အခါ နှာခေါင်းအထိရောက်အောင် ဖုံးအုပ်ထားနိုင်ကြောင်း The Washington Post က ဖော်ပြထားပါတယ်။

ဒီနှာခေါင်းစည်းတွေကို အတ်မန်ကုမ္ပဏီကထုတ်လုပ်လိုက်တာဖြစ်ပြီး ကော့စ် ၁၀ ခုပါတဲ့ဗူးတစ်ဗူးကို ၈ ဒေါ်လာကျော်ဖြင့် တောင်ကိုရီးယားဝက်ဘ်ဆိုက်တစ်ခုကနေ မှာယူလို့ရပါတယ်။

kosk ဆိုတဲ့နာမည်ကို mask နဲ့ ko ဆိုတဲ့ စကားလုံးတွေကိုပေါင်းစပ်ထားတာဖြစ်ပြီး ko ဆိုတာက ကိုရီးယားဘာသာမှာ နှာခေါင်းလို့အဓိပ္ပာယ်ရပါတယ်။

နှာခေါင်းစည်းတပ်ဆင်ရာမှာ နှာခေါင်းအထိ သေချာမတပ်ဆင်တဲ့သူတွေအတွက် ရည်ရွယ်ကာ ကော့စ်နှာခေါင်းစည်းတွေကို ထုတ်လုပ်ထားတာဖြစ်ပါတယ်။

ကော့စ်နှာခေါင်းစည်းဒီဇိုင်းဟာ ပါးစပ်ကနေ ကိုရိုနာဗိုင်းရပ်စ်ဝင်ရောက်နိုင်တယ်လို့ အွန်လိုင်းကနေဝေဖန်မှုတွေရှိသလို စားသောက်ဖို့သွားတဲ့အခါကျရင်တော့ သက်တောင့်သက်သာရှိစေမှာဖြစ်တယ်လို့လည်း အားပေးပြောကြားနေကြကြောင်း ဖော်ပြထားပါတယ်။

သုတေသနပညာရှင်တွေနဲ့ ဒီဇိုင်နာတွေ နှာခေါင်းစည်းအသစ်အဆန်းကို တီထွင်တာဟာ ဒါပထမဆုံးတော့မဟုတ်ပါဘူး။

၂၀၂၁ မတ်လက မက္ကဆီကိုသုတေသီတို့က နှာခေါင်းတစ်ခုတည်းကိုပဲဖုံးအုပ်တဲ့ နှာခေါင်းစည်းကို ဖန်တီးခဲ့ကြသေးတယ်လို့ ရိုက်တာနဲ့ ဂျေရုဆလန်ပို့စ်တို့က ဖော်ပြခဲ့ကြပါတယ်။

ကော့စ်နှာခေါင်းစည်းလေးကို ပုံမှန်နှာခေါင်းစည်းအောက်မှာထားပြီး ဝတ်ဆင်ရမှာဖြစ်ပါတယ်။

ဒါမှသာ အစားစားတဲ့အခါ ကိုဗစ်ရောဂါပိုးဝင်ရောက်နိုင်တဲ့ နှာခေါင်းပေါက်ကို ကာကွယ်ပေးထားမှာဖြစ်ပါတယ်။

source Insider