Published 6 Feb 2022

ဗြိတိန်ရဲ့အဲလစ်ဇဘက်ဘုရင်မကြီးက ချားလ်မင်းသား ဗြိတိန်ဘုရင်ဖြစ်လာတဲ့အခါ မင်းသားချားလ်စ်၏ဇနီးကမ်မီလာကို ကြင်ရာတော် မိဖုရားကြီးဖြစ်စေလိုတယ်လို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ အဲဒါကြောင့် တစ်ချိန်က ပြင်ပလူတစ်ဦးလို့သတ်မှတ်ခံထားရတဲ့ကမ်မီလာကို တော်ဝင်မိသားစုရဲ့ ဗဟိုချက်မနေရာမှာ ရှိလာစေဖို့ ခိုင်မာသွားစေပါတယ်။

ယခုအချိန်ဟာ ဗြိတိန်ပြည်သူလူထုက ပြသခဲ့တဲ့ သူမအပေါ်သစ္စာစောင့်သိမှုနှင့် ချစ်မြတ်နိုးမှုတို့ကို ပြန်လည်ဆင်ခြင်မိတဲ့ အခါသမယဖြစ်တယ်လို့ ထီးနန်းသက် (၇၀) ပြည့်နှစ်အထိမ်းအမှတ် ရေးသားတဲ့စာတစ်စောင်မှာ အဲလစ်ဇဘက်ဘုရင်မကြီးက ပြောထားပါတယ်။

ချားလ်စ်နှင့်ကမ်မီလာတို့ကိုလည်း အဲသလိုပဲ ထောက်ခံအားပေးကြလိမ့်မယ်လို့ သူမမျှော်လင့်တယ်လို့ လည်း ဘုရင်မကြီးက ဆိုပါတယ်။

“ အချိန်ရောက်လာရင် ကမ်မီလာဟာ သူမရဲ့ကိုယ်ပိုင်သစ္စာစောင့်သိမှုကို ဆက်လက်ထိန်းသိမ်းထားနေတဲ့အလျောက်  ကြင်ရာတော်မိဖုရားကြီးအဖြစ်သိလာကြလိမ့်မယ်” လို့ အဲလစ်ဇဘက်က ပြောပါတယ်။

ချားလ်စ်နှင့်ကမ်မီလာဟာ ကာလရှည်ချစ်သူတွေဖြစ်ခဲ့ကြပြီး ၂၀၀၅ခုနှစ်မှာ ဝင်ဆာမှာ အရပ်ဖက်အခမ်းအနားတစ်ခုနှင့် လက်ထပ်ခဲ့ကြပါတယ်။ဘုရင်မကြီးရဲ့စကားတွေကြောင့် ဝမ်းသာဂုဏ်ယူမဆုံးဖြစ်ရတယ်လို့  သူတို့ရဲ့ “ကလာရင့်စ်ဟောက်စ်” အိမ်တော်ကပြောပါတယ်။

ဘုရင်မကြီးရဲ့ဆောင်ရွက်မှုဟာ ကမ်မီလာကို တော်ဝင်အဖြစ် လူတွေကျယ်ကျယ်ပြန့်ပြန့်လက်ခံလာနေတာကို ထင်ဟပ်နေပါတယ်။ ချားလ်စ်ရဲ့ ပထမဇနီးဒိုင်ယာနာ ၁၉၉၇ခုနှစ်မှာ ကွယ်လွန်ခဲ့ပြီးတဲ့နောက် ဆယ်စုနှစ်ကြာမှာ သူမကို အပျော်ဖတ်သတင်းစာတွေက ပစ်မှတ်မထားခဲ့တာကြာပါပြီ။

လက်ရှိမှာကွန်ဝေါမြို့စားကတော်ဘွဲ့ကိုရထားတဲ့ ကမ်မီလာဟာ ချားလ်နှင့်အတူ တရားဝင်တာဝန်များကို တော်ဝင်မိသားစု ကိုယ်စားပြုပြီး ပုံမှန်ဆောင်ရွက်နေသူဖြစ်ပါတယ်။

ဗြိတိန်သမိုင်းတစ်လျောက်မှာ ဘုရင့်ရဲ့ဇနီးကို ကြင်ရာတော်မိဖုရားကြီးဘွဲ့ဂုဏ်ထူးကို ပေးလေ့ပေးထရှိပြီးဖြစ်ပါတယ်။ သူတို့နှစ်ဦးလက်ထပ်စဉ်က ချားလ်စ်သာ ဘုရင်ဖြစ်လာမယ်ဆိုရင် ကမ်မီလာဟာ ကြင်ရာတော်မင်းသမီးဘွဲ့ဂုဏ်ဖူးကို သုံးလို့ရမယ်လို့ဆုံးဖြတ်ထားခဲ့ပါတယ်။

အမေရိကန်မှာ ဘုရင်မကြီးရဲ့သား မင်းသားအင်ဒရူး လိင်ပိုင်းဆိုင်ရာ မတော်မတရားပြုမှုအတွက် တရားရံးရင်ဆိုင်နေရတာမှသည် တော်ဝင်မိသားစုအတွင်း လူမျိုးရေးခွဲခြားမှုရှိနေသည်ဟု မြေးဖြစ်သူ ဟယ်ရီနှင့်ဇနီးတို့က စွပ်စွဲနေခြင်းများအထိ အသက်၉၅နှစ်အရွယ် ဘုရင်မကြီးအဲလစ်ဇဘက်မိသားစုတွေ ဂုဏ်ထိခိုက်မှုတွေ မကြုံစဖူး ကြုံနေရပါတယ်။

ပြီးခဲ့တဲ့နှစ်က သူမဟာ အသက်၇၃နှစ်အရွယ်ခင်ပွန်းဖိလစ်ကို ဆုံးရှုံးခဲ့ရပါတယ်။အဲဒါကိုလည်း ဘုရင်မကြီးက စာထဲမှာ ထည့်ရေးထားပါတယ်။

Source Reuters