#WorldHealth
Published - 6 February 2022
တောင်အာဖရိကနိုင်ငံမှ အာဖရိဂျန်ဘိုင်အိုလော့ဂျစ် (Afrigen Biologics)ကုမ္ပဏီက မိုဒါနာကုမ္ပဏီကထုတ်တဲ့ mRNA ကိုဗစ်ကာကွယ်ဆေးရဲ့ နည်းပညာအချက်အလက်တွေကို ကူးချအသုံးပြုပြီး ကိုယ်ပိုင်ကာကွယ်ဆေး ထုတ်လုပ်သွားမှာဖြစ်ပါတယ်။

အဆိုပါကာကွယ်ဆေးကို ယခုနှစ်မကုန်ခင် လူသားတွေနဲ့စမ်းသပ်သွားမှာဖြစ်ကြောင်း အာဖရိဂျန်ကုမ္ပဏီမှ ထိပ်သီးအမှုဆောင်တစ်ဦးက ကြာသပတေးနေ့က ပြောကြားလိုက်ပါတယ်။
မူရင်းထုတ်လုပ်သူရဲ့ အကူအညီအထောက်အပံ့မယူဘဲ လူသုံးများတဲ့ကာကွယ်ဆေးတစ်ခုကို အခြေခံပြီး ထုတ်လုပ်မယ့် ပထမဆုံးကာကွယ်ဆေးအမျိုးအစားဖြစ်ပါတယ်။

ဒါ့အပြင် အာဖရိကတိုက်မှာ အဆင့်မြင့်ဓာတ်ခွဲခန်းအဆင့်နဲ့ တီထွင်ထုတ်လုပ်မယ့် ပထမဦးဆုံး mRNA ကာကွယ်ဆေးလည်းဖြစ်ပါတယ်။mRNA ကိုဗစ်ကာကွယ်ဆေးထုတ်လုပ်လျက်ရှိတဲ့ နာမည်ကြီး ဖိုင်ဇာ၊ ဘိုင်အိုတက်ခ်၊ မိုဒါနာကုမ္ပဏီတိုက သူတို့ရဲ့ကာကွယ်ဆေးထုတ်လုပ်ပုံ နည်းပညာတွေကိုမျှဝေဖို့ WHO ရဲ့တောင်းဆိုချက်ကို ငြင်းဆန်လိုက်တာကြောင့် ဆင်းရဲတဲ့နိုင်ငံတွေနဲ့ အလယ်အလတ်နိုင်ငံတွေမှာ ကိုဗစ်ကာကွယ်ဆေးထုတ်လုပ်နိုင်ရေးအတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း WHO က အာဖရိဂျန်အပါအဝင် လုပ်ငန်းစုကြီးတစ်ခုကို ပြီးခဲ့တဲ့နှစ်ကရွေးချယ်ခဲ့ကြပါတယ်။

WHO နဲ့ လုပ်ငန်းစုအဖွဲ့ဝင်တွေက သူတို့ရဲ့ နည်းပညာစုံရပ်ကြီးဟာ ချမ်းသာတဲ့နိုင်ငံတွေနဲ့ ဆင်းရဲတဲ့နိုင်ငံတွေကြား ကာကွယ်ဆေးတန်းတူမရရှိမှုကို ဖြေရှင်းသွားနိုင်မယ်လို့ မျှော်လင့်နေကြပါတယ်။

ကိုဗစ်ကပ်ရောဂါကာလမှာ ချမ်းသာတဲ့နိုင်ငံတွေက ကိုဗစ်ကာကွယ်ဆေးအများစုကို သိမ်းပိုက်ဝယ်ယူထားကြပါတယ်။တောင်အာဖရိကကာကွယ်ဆေးထုတ်လုပ်ရေးကုမ္ပဏီ ဘိုင်အိုဗက်က အဆိုပါနည်းပညာတွေကို အသုံးပြုမယ့် ပထမဆုံးကုမ္ပဏီဖြစ်လာပါတယ်။
အာဖရိဂျန်က အာဂျင်တီးနားနဲ့ဘရာဇီးလ်တို့မှာရှိတဲ့ ကုမ္ပဏီတွေကို လေ့ကျင့်သင်ကြားပေးဖို့လည်း သဘောတူထားပါတယ်။

ကြာသပတေးနေ့က အာဖရိဂျန်ကြေညာချက်ထုတ်ပြန်လိုက်တဲ့အပေါ် မိုဒါနာက မှတ်ချက်ပြုပြောကြားခြင်း မရှိသေးပါဘူး။WHO က မိုဒါနာကာကွယ်ဆေးရဲ့ နည်းပညာကိုအသုံးပြုရတဲ့အကြောင်းအရင်းက မိုဒါနာမှ လူသိရှင်ကြားရှင်းလင်းချက်တွေ ထုတ်ပြန်ထားတာကြောင့်နဲ့ ကပ်ရောဂါကာလအတွင်း ကာကွယ်ဆေးမူပိုင်ခွင့်ပြဌာန်းချက် မထုတ်ပြန်ဖို့ ကုမ္ပဏီက ကတိပြုထားတာကြောင့် ဖြစ်ပါတယ်။ကပ်ရောဂါပြီးတဲ့အချိန်မှာ မူပိုင်ခွင့်ထုတ်ပြန်သွားမှာလားဆိုတာကတော့ သေချာမသိရသေးပါဘူး။
Source: The Jerusalem Post