Published 07 February 2022

BA.2 မျိုးနွယ်ခွဲအပါအဝင် လက်ရှိအိုမီခရွန်မျိုးဗီဇကွဲရဲ့ မျိုးနွယ်ခွဲ ၄ ခုကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း WHO က စောင့်ကြည့်လေ့လာလျက်ရှိပါတယ်။

ကနဦးတွေ့ရှိချက်တွေအရ BA.2 က မူလအိုမီခရွန်ထက် ပိုမိုကူးစက်မြန်ပြီး ရောဂါပြင်းထန်မှုလျော့နည်းနိုင်တယ်လို့ ယူဆထားကြပါတယ်။

အိုမီခရွန်မျိုးဗီဇကွဲနဲ့ပတ်သက်ပြီး နိုင်ငံအသီးသီးအနေနဲ့ သတိပေါ့လျော့လို့မဖြစ်ကြောင်း WHO မှ အထွေထွေညွှန်ကြားရေးမှူးနဲ့ အရာရှိတာဝန်ရှိသူတွေက မီဒီယာရှင်းလင်းပွဲမှာ သတိပေးခဲ့ပါတယ်။

BA.2 က အိုမီခရွန်မှခွဲထွက်လာတာ ဖြစ်တဲ့အတွက် သတိထားရမယ့်မျိုးဗီဇကွဲဖြစ်ကြောင်း WHO မှ ကိုဗစ်ထိန်းချုပ်ရေးအဖွဲ့က တနင်္လာနေ့က ပြောကြားလိုက်ပါတယ်။

အမေရိကန်အပါအဝင် နိုင်ငံအများအပြားမှာ ပြီးခဲ့တဲ့ ၁၄ ရက်အတွင်း နေ့စဉ်ကိုဗစ်ရောဂါကူးစက်မှုအရေအတွက် ၄၄ ရာခိုင်နှုန်းကျဆင်းလာပေမယ့် ဗိုင်းရပ်စ်ကဆင့်ကဲပြောင်းလဲနေတာဖြစ်ကြောင်း WHO မှတာဝန်ရှိသူတွေက သတိပေးထားပါတယ်။

WHO အဖွဲ့အစည်းက အိုမီခရွန်နဲ့ပတ်သက်ပြီး အစောဆုံးသတိပေးနိုင်ခဲ့တဲ့အဖွဲ့ဖြစ်ကာ ၂၀၂၁ နိုဝင်ဘာ ၂၆ ရက်နေ့က သတိထားရမယ့်မျိုးဗီဇကွဲဖြစ်ကြောင်း သတ်မှတ်ခဲ့ပါတယ်။

အဲဒီနောက်ပိုင်း အိုမီခရွန်မျိုးနွယ်ခွဲအများအပြားကိုလည်း ဆက်လက်တွေ့ရှိခဲ့ကြပါတယ်။

မူလအိုမီခရွန် BA.1 အပြင် BA.1.1, BA.2, BA.3 တို့လည်း ပါဝင်လာပါတယ်။

WHO စောင့်ကြည့်လေ့လာခဲ့တဲ့ တွေ့ရှိချက်တွေအရ လက်ရှိအချိန်အထိ BA.2 က စိုးရိမ်ရဆုံးမျိုးနွယ်ခွဲဖြစ်နေပါတယ်။

ရောဂါကူးစက်မှုစောင့်ကြည့်လေ့လာရေးဝက်ဘ်ဆိုက် GISAID ရဲ့ တင်ပြချက်အရ ၅၇ နိုင်ငံမှ သတင်းပို့ထားတဲ့ BA.2 ကူးစက်မှုတွေဟာ ပြီးခဲ့တဲ့ ၆ ပတ်အတွင်း အိုမီခရွန်ကူးစက်မှုရဲ့ ၅၀ ရာခိုင်နှုန်းအထိ ပါဝင်ပတ်သက်နေပါတယ်။

သေချာတာတစ်ခုက ဖိလစ်ပိုင်၊ ဒိန်းမတ်၊ နီပေါ၊ စင်္ကာပူ၊ ဆရီလန်ကာနဲ့ အိန္ဒိယတို့မှာ အိုမီခရွန်ကူးစက်မှုက ဒယ်လ်တာထက်ကျော်လွန်နေပြီဖြစ်ပါတယ်။

အိုမီခရွန်ကိုစတင်တွေ့ရှိခဲ့တာ ၁၀ ပတ်လောက်သာရှိသေးပေမယ့် ကူးစက်မှုပေါင်း သန်း ၉၀ ကျော်သွားပြီဖြစ်ပြီး ၂၀၂၀ တစ်နှစ်လုံးကထက် ပိုများခဲ့တာဖြစ်ပါတယ်။

အရင်မျိုးဗီဇကွဲတွေကို ပစ်မှတ်ထားထုတ်လုပ်ခဲ့တဲ့ ကိုဗစ်ကာကွယ်ဆေးတွေဟာ နောက်ထပ်ပေါ်ထွက်လာတဲ့ SARS-CoV-2 မျိုးဗီဇကွဲတွေကို ထိရောက်စွာကာကွယ်နိုင်စွမ်း မရှိဘူးလို့ အငြင်းပွားနေကြပါတယ်။

မျိုးဗီဇကွဲအားလုံးကို ကာကွယ်ပေးနိုင်မယ့် SARS-CoV-2 ကာကွယ်ဆေးကို ထုတ်လုပ်သင့်ပြီဖြစ်ပါတယ်။

source deadline