#WorldPolitics
Published - 4 February 2022


အမေရိကန်တပ်များ ဆီးရီးယားသို့ ဝင်ရောက်စီးနင်းခဲ့ရာ အစ္စလာမ်အကြမ်းဖက် ISIS အဖွဲ့ခေါင်းဆောင်ဖြစ်သူဟာ သူ့မိသားစုတစ်စုလုံးနဲ့အတူ ကိုယ့်ကိုယ်ကို ဗုံးဖောက်ခွဲပြီးအဆုံးစီရင်ခဲ့ကြောင်း အမေရိကန်သမ္မတ'ဂျိုးဘိုင်ဒန်'က ကြာသပတေးနေ့က ပြောကြားလိုက်ပါတယ်။

ဒီသတင်းက ဂျီဟတ်ဒ်အဖွဲ့ တွေအနေနဲ့ နယ်မြေအများအပြားဆုံးရှုံးရပြီးနောက် ပျောက်ကြားတပ်ဖွဲ့တွေအဖြစ် ရပ်တည်ဖို့ကြိုးပမ်းနေမှုကို အထိနာစေခဲ့တာလည်းဖြစ်ပါတယ်။
အစ္စလာမ်အကြမ်းဖက်အဖွဲ့တည်ထောင်သူ 'အဘူဘာကာအယ်လ်ဘဂ္ဂဒက်ဒီ' ၂၀၁၉ ခုနှစ်ကသေဆုံးပြီးနောက် 'အဘူအီဘရာဟင်အယ်လ်ဟာရှ်မီအယ်လ်ကူရိုင်ရီ'က ဆက်လက်ဦးဆောင်နေခဲ့တာဖြစ်ပါတယ်။

အရင်ခေါင်းဆောင်ဟောင်း 'အဘူဘာကာအယ်လ်ဘဂ္ဂဒက်ဒီ'ကလည်း ၂၀၁၉ ခုနှစ်မှာ အမေရိကန်ကွန်မန်ဒိုများ ဝင်ရောက်စီးနင်းခဲ့စဉ် အသေခံဗုံးဖောက်ခွဲခဲ့ကာ သေဆုံးခဲ့သူဖြစ်ပါတယ်။

ယခုဖြစ်စဉ်မှာ အမေရိကန်တပ်များက ဆီးရီးယားအနောက်မြောက်ဘက်ကနေ ဝင်ရောက်ကာ 'ကူရိုင်ရှီ'နေထိုင်ရာအနီးသို့ ချဉ်းကပ်ခဲ့ကြပါတယ်။
ပေါက်ကွဲမှုက ပြင်းထန်လှသဖြင့် ခန္ဓာကိုယ်အပိုင်းအစတွေဟာ 'ကူရိုင်ရှီ'နေထိုင်ရာ သုံးထပ်တိုက်အဆောက်အအုံကနေ လမ်းပေါ်ကို လွင့်စင်ခဲ့ပြီး အရပ်သားနေထိုင်သူတွေ ထိခိုက်ခဲ့မှုအတွက် ISIS အဖွဲ့ကို အပြစ်တင်စွပ်စွဲလိုက်ကြောင်း အမေရိကန်မှတာဝန်ရှိသူများက ထုတ်ပြန်ကြေညာလိုက်ပါတယ်။

ဗုံးဖောက်ခွဲမှုကြောင့် 'ကူရိုင်ရှီ'သေဆုံးရတယ်လို့ ယူဆထားကြပြီး အမေရိကန်တပ်ဖွဲ့ဝင်တွေ ပစ်ခတ်နှိမ်နှင်းမှုကြောင့် တတိတအထပ်ရှိ သူ့ဇနီး ၂ ဦး ကလေး ၁ ယောက်အပြင် ဒုတိယအထပ်ရှိ ဒုဗိုလ်နဲ့ သူ့ရဲ့ဇနီးနဲ့ကလေးတို့ပါ သေဆုံးခဲ့တယ်လို့ အိမ်ဖြူတော်မှ အကြီးတန်းအရာရှိတစ်ဦးက ပြောကြားခဲ့ပါတယ်။

အမေရိကန်တပ်ဖွဲ့ရဟတ်ယာဉ်တွေပေါ်မှ ပစ်ခတ်မှုကြောင့် နောက်ထပ်တိုက်ခိုက်ရေးသမား ၂ ဦးလည်း သေဆုံးခဲ့ပါတယ်။"ရဲရဲဝင့်ဝင့်တိုက်ခိုက်ခဲ့ကြတဲ့ ကျွန်တော်တို့ရဲ့တပ်ဖွဲ့ဝင်တွေကို ကျေးဇူးတင်ဂုဏ်ပြုလိုက်ပါတယ်။ ဒီအကြမ်းဖက်ခေါင်းဆောင်ဆိုတာ မရှိတော့ပါဘူး" လို့ 'ဘိုင်ဒန်'က အိမ်ဖြူတော်ကနေ ပြောကြားလိုက်ပါတယ်။

'ကူရိုင်ရှီ'နေထိုင်ခဲ့တဲ့အိမ်ရဲ့ ပထမအထပ်မှာ အမည်မသိမိသားစုတစ်ခုက အကာအကွယ်အဖြစ် နေထိုင်နေတာကြောင့် ဝင်ရောက်စီးနင်းဖိုအစီအစဉ်ဆွဲရာမှာ အနည်းငယ်စဉ်းစားစရာဖြစ်နေခဲ့ပါသေးတယ်။

အမေရိကန်ဘက်မှ ဖော်ပြထားတဲ့ သေဆုံးမှုစာရင်းနဲ့ ဆီးရီးယားကယ်ဆယ်ရေးအဖွဲ့မှ ထုတ်ပြန်တဲ့ သေဆုံးမှုစာရင်းအကြား ကွာခြားမှုကိုတော့ အမေရိကန်အရာရှိက မရှင်းပြနိုင်သေးပါဘူး။

ဆီးရီးယားကယ်ဆယ်ရေးအဖွဲ့ဘက်ကတော့ လူအနည်းဆုံး ၁၃ ယောက်သေဆုံးပြီး အမျိုးသမီး ၄ ယောက်နဲ့ ကလေး ၆ ယောက်ပါဝင်ကြောင်း ပြောဆိုခဲ့ပါတယ်။
"စစ်ဆင်ရေးပြုလုပ်မှုကို ပြန်ကြည့်တဲ့အခါကျရင် တတိယအထပ်က ပေါက်ကွဲမှုကြောင့် သေဆုံးပျက်စီးမှုတွေဖြစ်ရတယ်ဆိုတာ ရှင်းလင်းသိသာနေပါတယ်" လို့ အရာရှိက ပြောလိုက်ပါတယ်။

ISIS အဖွဲ့က ကိုယ်တိုင်ကြေညာခဲ့တဲ့ မွတ်ဆလင်အုပ်ချုပ်ရေးစနစ်ကို လွန်ခဲ့တဲ့ ၃ နှစ်ခန့်က ဖျက်သိမ်းခဲ့ပြီး သူတို့ရဲ့တိုက်ခိုက်ရေးသမားတွေဟာလည်း အမေရိကန်နဲ့အီရတ်တပ်ဖွဲ့ ဝင်များရဲ့ နှိမ်နှင်းခြင်းကို ခံခဲ့ရပြီးနောက် အခုအခါ 'ကူရိုင်ရှီ'သေဆုံးရခြင်းက အစ္စလာမ်အကြမ်းဖက်အဖွဲ့ အတွက် နောက်ထပ်နစ်နာမှုတစ်ခုဖြစ်လာပါတယ်။

ပြီးခဲ့တဲ့လက အစ္စလာမ်အကြမ်းဖက်တရားခံတွေကို ထိန်းသိမ်းဖမ်းဆီးထားတဲ့ ဆီးရီးယားအရှေ့မြောက်ဘက်ရှိ အကျဉ်းထောင်ကိုလည်း သေနတ်သမားတွေ ဝင်ရောက်အကြမ်းဖက်ခဲ့ပါတယ်။

ISIS အဖွဲ့က ဆီးရီးယားနဲ့အီရတ်တို့ရှိ နေရာအများအပြားကို သိမ်းပိုက်ခဲ့ကာ လူသန်းပေါင်းများစွာကို တင်းကျပ်တဲ့အစ္စလာမ်အုပ်ချုပ်ရေးစနစ်နဲ့ အုပ်ချုပ်နေခဲ့ပြီး အနောက်နိုင်ငံမှာလည်း လှုံ့ဆော်တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

"ပြီးခဲ့တဲ့ညက စီးနင်းဝင်ရောက်မှုမှာ အဓိကအကြမ်းဖက်ခေါင်းဆောင်တစ်ဦးကို ရှင်းလင်းနိုင်ခဲ့ပါတယ်။ ကမ္ဘာပေါ်က အကြမ်းဖက်သမားတွေကိုလည်း သတိပေးလိုက်ပါပြီ။ မင်းတို့ကိုရှာပြီး နှိမ်နှင်းမှာပါ" လို့ 'ဘိုင်ဒန်'က ပြောကြားခဲ့ပါတယ်။

ဝင်ရောက်စီးနင်းတဲ့ညက ရဟတ်ယာဉ်အသံတွေ လက်နက်အသံတွေ ပေါက်ကွဲမှုအသံတွေ ကြားခဲ့ရတယ်လို့ အနီးအနားမှ နေထိုင်သူတွေက ဆိုပါတယ်။

အမေရိကန်တပ်ဖွဲ့ ဝင်တွေက အမျိုးသမီးတွေနဲ့ ကလေးတွေကို လွတ်မြောက်ရာထွက်ပြေးကြဖို့ လော်စပီကာဖြင့် သတိပေးခဲ့ကြကြောင်း ဆိုပါတယ်။
Source: Reuters