#WorldHealth
Published - 4 February 2022

အသက် ၅ နှစ်အောက် ကလေးငယ်တွေမှာ ပထမဆုံးကိုဗစ်ကာကွယ်ဆေးထိုးပေးဖို့ကို အမေရိကန်မှတာဝန်ရှိသူများက စဉ်းစားသုံးသပ်နေကြပါတယ်။ဖိုင်ဇာနဲ့ ဘိုင်အိုတက်ခ်ကုမ္ပဏီတို့ကလည်း သူတို့ရဲ့ကာကွယ်ဆေးတွေ အသိအမှတ်ပြုပေးဖို့လုပ်ငန်းစဉ်တွေကို အင်္ဂါနေ့က စတင်လုပ်ဆောင်နေကြပါပြီ။

အသက် ၅ နှစ်အောက်အရွယ်ကလေးတွေဟာ ကိုဗစ်ကာကွယ်ဆေးထိုးနှံခွင့်မရသေးဘဲ ကျန်နေသေးတဲ့ အသက်အရွယ်တွေဖြစ်ပါတယ်။
ထိုးနှံခွင့်ရရှိဖို့ဆုံးဖြတ်ချက်ကို ယခုလအတွင်း သိရှိရဖို့မျှော်လင့်နေကြပါတယ်။

အသက် ၂ နှစ်မှ ၄ နှစ်အရွယ်တွေအတွက် ဓာတ်ခွဲခန်းစမ်းသပ်ချက်တွေမှာ အဓိကသတ်မှတ်ချက်အတိုင်း ပြည့်မီခြင်းမရှိပေမယ့် အရေးပေါ်အသုံးပြုခွင့်ရရှိဖို့ ကုမ္ပဏီတွေက အချက်အလက်တွေကို တင်ပြခဲ့ပြီဖြစ်ပါတယ်။

ထိုအသက်အရွယ်တွေရဲ့ အရေးပေါ်ပြည်သူ့ကျန်းမာရေးလိုအပ်ချက်ကို ကိုင်တွယ်ဖြေရှင်းဖို့ အမေရိကန်အစားအစာနဲ့ဆေးဝါးကွပ်ကဲရေးအဖွဲ့ (FDA)ရဲ့ တောင်းဆိုချက်အရ အချက်အလက်တွေကို တင်ပြနေကြတာဖြစ်ပါတယ်။

ကလေးငယ်တွေမှာ ကိုဗစ်ကာကွယ်ဆေးထိုးနှံနိုင်မယ့် အစီအစဉ်ပေါ်ပေါက်လာခြင်းက မူကြိုကျောင်းတွေနဲ့ နေ့ကလေးထိန်းစင်တာတွေ ပိတ်ပင်ထားရှိရခြင်းနဲ့ ကွာရန်တင်းဝင်ရခြင်းတို့ကြောင့် အလိုမကျဖြစ်နေတဲ့ ကလေးမိဘတွေကို ကူညီဖြေသိမ့်ပေးနိုင်မှာဖြစ်ပါတယ်။

ဒီအသက်အရွယ်ကလေးတွေမှာ ဘေးကင်းစိတ်ချရတဲ့ ကိုဗစ်ကာကွယ်ဆေးရရှိဖို့ ဦးစားပေးဖြစ်ကြောင်း FDA ယာယီကော်မရှင်နာ 'ဂျဲနတ်ဝုဒ်ကော့ခ်'က ပြောလိုက်ပါတယ်။
လက်ရှိအချိန်မှာ အိုမီခရွန်ကူးစက်မှုတွေ မြင့်တက်နေတဲ့အတွက် အသိအမှတ်ပြုထောက်ခံချက်တောင်းဆိုဖို့ FDA က မှာကြားခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

ဖေဖော်ဝါရီ ၁၅ ရက်နေ့မှာ ပြင်ပမှ ကျွမ်းကျင်အကြံပေးပုဂ္ဂိုလ်များအဖွဲ့က ကာကွယ်ဆေးထိုးနှံရေးခွင့်ပြုချက်ပေးဖို့အကြောင်း ဆွေးနွေးသွားမှာဖြစ်ပါတယ်။
အဆိုပါဆွေးနွေးပွဲမှာ ခွင့်ပြုပေးလိုက်တယ်ဆိုရင် အမေရိကန်ရောဂါထိန်းချုပ်ကာကွယ်ရေးအဖွဲ့ (CDC)က ကာကွယ်ဆေးတွေကို ဘယ်လိုထိုးနှံရမလဲဆိုတဲ့အကြောင်း လက်မှတ်ရေးထိုးပေးဖို့ လိုအပ်ပါတယ်။

အဲဒီနောက်တစ်ပတ်အတွင်းမှာ FDA ရဲ့ ဆုံးဖြတ်ချက်တွေချမှတ်ဖို့ အစည်းအဝေးပွဲတွေ ပြုလုပ်သွားမှာပါ။ဖိုင်ဇာနဲ့ ဘိုင်အိုတက်ခ်တို့ ရဲ့ကာကွယ်ဆေး ၃ ကြိမ်ထိုးနှံရမယ့်အစီအစဉ်မှာ ပထမ ၂ ကြိမ်ထိုးနှံဖို့ကို ခွင့်ပြုချက်ပေးဖို့ FDA ကို တောင်းဆိုထားပါတယ်။

ပထမ ၂ ကြိမ်ကိုခွင့်ပြုလိုက်ပါက ကလေးမိဘတွေအနေနဲ့ သူတို့ကလေးတွေကို ကိုဗစ်ကာကွယ်ဆေးထိုးနှံနိုင်တော့မှာဖြစ်ပြီး တတိယအကြိမ်ထိုးနှံဖို့ ခွင့်ပြုချက်ကို ဆက်လက်စောင့်ဆိုင်းသွားရမှာဖြစ်ကြောင်း ဖိုင်ဇာကုမ္ပဏီမှ အမှုဆောင်အရာရှိချုပ် 'အယ်လ်ဘတ်ဘိုလာ'က ပြောကြားခဲ့ပါတယ်။

ဖိုင်ဇာ-ဘိုင်အိုတက်ခ်ကိုဗစ်ကာကွယ်ဆေးတွေက အသက် ၁၂ နှစ်နဲ့အထက်မှာ ဆေးပမာဏ ၃၀ မိုက်ခရိုဂရမ်၊ အသက် ၅ နှစ်မှ ၁၁ နှစ်အတွင်းမှာ ၁၀ မိုက်ခရိုဂရမ်ထိုးပေးနေပြီး အသက် ၅ နှစ်အောက်တွေမှာတော့ ၃ မိုက်ခရိုဂရမ်ထိုးပေးဖို့ စမ်းသပ်နေတာဖြစ်ပါတယ်။

၃ မိုက်ခရိုဂရမ် ကာကွယ်ဆေးထုတ်လုပ်ဖို့ ပစ္စည်းတွေအလုံအလောက်ရရှိပြီး FDA အသိအမှတ်ပြုပေးဖို့ မျှော်လင့်နေကြောင်း ကုမ္ပဏီတွေက ပြောကြားလိုက်ပါတယ်။
Source: Reuters