#WorldHealth
Published - 4 February 2022

ကိုဗစ်ရောဂါကို အနိုင်ယူလိုက်ပြီလား ဒါမှမဟုတ် ကူးစက်မှုထိန်းချုပ်ဖို့ ကြိုးပမ်းမှုတွေကို လက်လျှော့လိုက်ရတော့မှာလားဆိုတာကို ဆုံးဖြတ်ဖို့ စောသေးကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း WHO မှ အကြီးအမှူးတစ်ယောက်က အင်္ဂါနေ့က သတိပေးလိုက်ပါတယ်။

"ကမ္ဘာ့နိုင်ငံတွေအနေနဲ့ ကိုဗစ်ကပ်ရောဂါကို အောင်နိုင်ပြီလား ဒါမှမဟုတ် အရှုံးပေးရတော့မှာလား ဆိုတာကို ဆုံးဖြတ်ဖို့ စောပါသေးတယ်"လို့ WHO အထွေထွေညွှန်ကြားရေးမှူး 'တက်ဒရိုစ်အက်ဒနွမ်ဂက်ဘရီယဲဆပ်စ်'က သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
"ဒီဗိုင်းရပ်စ်က အန္တရာယ်များပြီး ကျွန်တော်တို့မျက်စိရှေ့မှာတင် ဆက်လက်ဆင့်ကဲပြောင်းလဲနေပါတယ်"

အိုမီခရွန်မျိုးဗီဇကွဲကူးစက်မှုတွေ စံချိန်တင်များပြားနေပေမယ့် ဒိန်းမတ်နိုင်ငံဟာ ကိုဗစ်ထိန်းချုပ်ကန့်သတ်ချက်အားလုံးကို ဖြေလျှော့လိုက်တဲ့ ပထမဆုံး ဥရောပသမဂ္ဂနိုင်ငံဖြစ်လာခဲ့ပြီး အခြားနိုင်ငံတွေမှာလည်း ထိုကဲ့သို့ ထိန်းချုပ်ကန့်သတ်ချက်တွေကို ဖြေလျှော့ဖို့ စဉ်းစားနေကြပါတယ်။

"ကိုဗစ်ကာကွယ်ဆေးအကြောင်းတွေ၊ အိုမီခရွန်ကကူးစက်မြန်ပြီး ရောဂါမပြင်းထန်တဲ့အကြောင်းတွေ၊ ရောဂါကူးစက်မှုကို ကာကွယ်နိုင်ဖို့ မဖြစ်နိုင်တော့ဘူးဆိုတဲ့အကြောင်းတွေကို ကြားနေရတာ စိုးရိမ်ပူပန်နေရပါတယ်" လို့ 'တက်ဒရိုစ်'က ပြောပါတယ်။

"အမှန်အတိုင်းသိရဖို့ကလည်း မဝေးပါဘူး။ ကိုဗစ်ရောဂါတွေ ပိုမိုကူးစက်လာတဲ့အခါ သေဆုံးမှုတွေ ပိုများလာနိုင်ပါတယ်"လွန်ခဲ့တဲ့ ၁၀ ပတ်ခန့်က တောင်အာဖရိကမှာ အိုမီခရွန်မျိုးဗီဇကွဲစတင်တွေ့ရှိတဲ့ အချိန်ကစပြီး ကိုဗစ်ရောဂါကူးစက်မှုပေါင်း သန်း ၉၀ နီးပါးရှိခဲ့ကာ ၂၀၂၀ တစ်နှစ်လုံးထက် ပိုများခဲ့ပါတယ်။

လက်ရှိကိုဗစ်မျိုးဗီဇကွဲအသစ်က ရောဂါပြင်းထန်မှု ပိုနည်းပါးပေမယ့် ကမ္ဘာ့နေရာအများစုမှာ အသက်သေဆုံးမှုတွေမြင့်တက်လာတာကို စတင်တွေ့ရှိလာရပါပြီ။

ဗိုင်းရပ်စ်ကူးစက်မှုကို ရပ်တန့်အောင် ဆက်လက်ကြိုးပမ်းဖို့က အလွန်အရေးကြီးကြောင်း 'တက်ဒရိုစ်'က ပြောကြားလိုက်ပါတယ်။"လော့ဒေါင်းချဖို့ ကျွန်တော်တို့ တောင်းဆိုနေတာမဟုတ်ပါဘူး။ တိုင်းပြည်တွေအနေနဲ့ ကာကွယ်ဆေးတစ်ခုတည်းကို အားမကိုးဘဲ အသုံးချလိုရသမျှအရာတွေနဲ့ ပြည်သူတွေကို ကာကွယ်ပေးဖို့ တောင်းဆိုနေတာဖြစ်ပါတယ်"

အိုမီခရွန်ရဲ့ မျိုးနွယ်ခွဲအသစ် BA.2 အပါအဝင် နောက်ထပ်ပေါ်ထွက်လာတဲ့ မျိုးဗီဇကွဲတွေကို အဆက်မပြတ်လေ့လာနေဖို့ လိုအပ်ကြောင်းလည်း သတိပေးခဲ့ပါတယ်။
"ဗိုင်းရပ်စ်က ဆက်လက်ဆင့်ကဲပြောင်းလဲနေတာဖြစ်တဲ့အတွက် နိုင်ငံအသီးသီးမှာ စမ်းသပ်စစ်ဆေးခြင်းတွေ၊ စောင့်ကြည့်လေ့လာခြင်းတွေ၊ မျိုးရိုးစမ်းသပ်ထုတ်ဖော်ခြင်းတွေ အဆက်မပြတ်ဆောင်ရွက်ဖို့ တောင်းဆိုလိုက်ပါတယ်။ ဗိုင်းရပ်စ်က ဘယ်လိုဘယ်ပုံဆိုတာကို မသိဘဲနဲ့ တိုက်ဖျက်လို့မရပါဘူး" လို့ ပြောကြားသွားခဲ့ပါတယ်။
Source: France24