#WorldHealth
Published - 27 January 2022

အိုမီခရွန်မျိုးဗီဇကွဲက အရင်ကိုရိုနာဗိုင်းရပ်စ်မျိုးဗီဇကွဲတွေနဲ့ယှဉ်ရင် ပလတ်စတစ်မျက်နှာပြင်နဲ့ လူ့အရေပြားပေါ်မှာ အချိန်ပိုမိုကြာရှည်စွာ အသက်ရှင်နေနိုင်ကြောင်း ဂျပန်မှသုတေသီတို့က ဓာတ်ခွဲခန်းစမ်းသပ်ချက်တွေမှာ တွေ့ရှိထားပါတယ်။

အိုမီခရွန်က ပြင်ပပတ်ဝန်းကျင်မှာ တည်ရှိနိုင်ပြီး ကူးစက်စေနိုင်တဲ့အစွမ်းသတ္တိရှိတာကြောင့် ဒယ်လ်တာမျိုးဗီဇကွဲထက် ပိုမိုလျင်မြန်စွာကူးစက်လွှမ်းမိုးလာတာဖြစ်ပါတယ်။

ပလတ်စတစ်မျက်နှာပြင်ပေါ်မှာ မူလဗိုင်းရပ်စ်ရဲ့ အသက်ရှင်သန်နိုင်ချိန်က ၅၆ နာရီရှိကာ အယ်လ်ဖာက ၁၉၁.၃ နာရီ၊ ဘီတာက ၁၅၆.၆ နာရီ၊ ဂမ်မာက ၅၉.၃ နာရီ၊ ဒယ်လ်တာက ၁၁၄ နာရီ အသီးသီးရှင်သန်နိုင်ကြပါတယ်။

ထိုမျိုးဗီဇကွဲတွေနဲ့ နှိုင်းယှဉ်ပါက အိုမီခရွန်က ပလတ်စတစ်ပေါ်မှာ ၁၉၃.၅ နာရီ အသက်ရှင်နေနိုင်ပါတယ်။လူ့အရေပြားပေါ်မှာတော့ မူလကိုရိုနာဗိုင်းရပ်စ်က ၈.၆ နာရီ၊ အယ်လ်ဖာက ၁၉.၆ နာရီ၊ ဘီတာက ၁၉.၁ နာရီ၊ ဂမ်မာက ၁၁ နာရီ၊ ဒယ်လ်တာက ၁၆.၈ နာရီနဲ့ အိုမီခရွန်က ၂၁.၁ နာရီ အသီးသီး ရှင်သန်နိုင်ကြပါတယ်။

အယ်လ်ကိုဟောပါဝင်တဲ့ လက်သန့်ဆေးရည်တွေနဲ့ ၁၅ စက္ကန့်ကြာအောင် ထိတွေ့တဲ့အခါ အရေပြားပေါ်မှာရှိတဲ့ ကိုရိုနာဗိုင်းရပ်စ်မျိုးဗီဇကွဲအားလုံး သေဆုံးနိုင်ပါတယ်။

ဒါကြောင့်မို့လို့ WHO က ညွှန်ကြားထားတဲ့အတိုင်း ရောဂါပိုးသတ်ပေးနိုင်တဲ့ လက်ဆေးရည်အသုံးပြုဖို့ သုတေသီတွေက အထူးအကြံပြုပြောကြားလိုက်ပါတယ်။

ကိုဗစ်ရောဂါရှာဖွေစစ်ဆေးတဲ့ Rapid antigen test တွေကို အသုံးပြုရာမှာ လည်ချောင်း ပါးစောင်တို့ကနေ တို့ဖတ်စယူခြင်းမျိုးမပြုလုပ်သင့်ဘဲ ထုတ်လုပ်သည့်ကုမ္ပဏီမှ ညွှန်ကြားထားတဲ့အတိုင်း နှာခေါင်းပေါက်ကနေ တို့ဖတ်စယူသင့်ကြောင်း လေ့လာချက်အသစ်မှာ ဖော်ပြထားပါတယ်။

ဆန်ဖရန်စစ္စကိုရှိ ကိုဗစ်ရောဂါစစ်ဆေးချင်တဲ့သူ ၇၃၁ ဦးကို PCR test နဲ့ BinaxNOW rapid antigen test တိုဖြင့် စစ်ဆေးခဲ့ကြပါတယ်။
နှာခေါင်းမှအသားစယူပြီး စစ်ဆေးခြင်းဖြင့် ရောဂါကူးစက်နိုင်ချေအများဆုံးရှိတဲ့ ဗိုင်းရပ်စ်ပမာဏအများဆုံးသယ်ဆောင်ထားတဲ့လူ ၉၅ ရာခိုင်နှုန်းကို စမ်းသပ်တွေ့ရှိခဲ့ကြောင်း ဆန်ဖရန်စစ္စကို ကယ်လီဖိုးနီးယားတက္ကသိုလ်မှ ဒေါက်တာ'ဒိုင်ယန်းဟတ်ဗ်လီယာ'က ပြောကြားလိုက်ပါတယ်။

BinaxNOW စမ်းသပ်စစ်ဆေးနည်းကို အသုံးပြုကာ စမ်းသပ်ခံမည့်သူ ၁၁၅ ဦးရဲ့ နှာခေါင်းတွင်းတို့ဖတ်စနမူနာစမ်းသပ်ခြင်းနဲ့ လည်ချောင်းတွင်းတို့ဖတ်စနမူနာစမ်းသပ်ခြင်းတို့ကို နှိင်းယှဉ်ကြည့်ခဲ့ကြပါတယ်။

လည်ချောင်းမှတို့ဖတ်စယူပြီး စစ်ဆေးခြင်းက နှာခေါင်းတွင်းတို့ဖတ်စဖြင့် စစ်ဆေးခြင်းထက် ၄၀ ရာခိုင်နှုန်းနည်းပါးပြီး တွေ့ရှိခဲ့ကာ ပါးစောင်မှတို့ဖတ်စယူစစ်ဆေးခြင်းကလည်း ဗိုင်းရပ်စ်ပိုးတွေ့ရှိရာမှာ နှာခေါင်းတွင်းတို့ဖတ်စလောက် စိတ်ချရခြင်းမရှိကြောင်း medRxiv ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။

လတ်တလောလေ့လာချက်တွေအရ အိုမီခရွန်မျိုးဗီဇကွဲဗိုင်းရပ်စ်ကို နှာခေါင်းမှာထက်စာရင် လည်ချောင်းမှာ စောစီးစွာတွေ့ရှိနိုင်ကြောင်း ယူဆထားပေမယ့် အမေရိကန် FDA အဖွဲ့ကတော့ စမ်းသပ်စစ်ဆေးခြင်းတွေကို ညွှန်ကြားထားတဲ့အတိုင်းသာ လုပ်ဆောင်ဖို့ မှာကြားထားပါတယ်။

"နှာခေါင်းတွင်းတို့ဖတ်စယူခြင်းကို BinaxNOW ဖြင့် အသုံးပြုမယ်ဆိုရင် ပစ္စည်းအညွှန်းမှာဖော်ပြထားတဲ့အတိုင်း အသုံးပြုရပါမယ်။ ကိုဗစ်ရောဂါလူနာနဲ့ ထိတွေ့လာရပြီး BinaxNOW နဲ့ စစ်ဆေးတဲ့အခါ ရောဂါပိုးမတွေ့ရှိပါက rapid test ဖြင့် ထပ်ခါထပ်ခါ စမ်းသပ်စစ်ဆေးသင့်ပါတယ်" လို့ ဟတ်ဗ်လီယာက အကြံပြုလိုက်ပါတယ်။
Source: Reuters