#WorldHealth
Published- 26 January 2022


ထိုင်းနိုင်ငံတွင် ဆေးခြောက်အသုံးပြုခြင်းဟာ ရာဇဝတ်မှုမမြောက်ကြောင်း အသိအမှတ်ပြုလိုက်သည့် ပထမဦးဆုံးအာရှနိုင်ငံဖြစ်လာပါတယ်။ဒါပေမဲ့ ဆေးခြောက်ကို တကိုယ်ရည်စိတ်အပန်းဖြေဖို့အတွက် အသုံးပြုခြင်းကိုတော့ ထည့်သွင်းသတ်မှတ်ထားခြင်း မရှိပါဘူး။

ကျန်းမာရေးဝန်ကြီးဌာနမှ ကြေညာထားတဲ့ တားမြစ်ဆေးစာရင်းကနေ ဆေးခြောက်အပင်ကို ဖယ်ရှားဖို့ မူးယစ်ဆေးဝါးထိန်းချုပ်ရေးဘုတ်အဖွဲ့က အသိအမှတ်ပြုလိုက်ကြောင်း ကျန်းမာရေးဝန်ကြီး'အန်နျူတင်ချန်ဝီရာကူအယ်'က ကြေညာလိုက်ပါတယ်။

ဆေးခြောက်ကို တားမြစ်ဆေးစာရင်းမှ ဖယ်ရှားဖို့ အစားအစာနဲ့ဆေးဝါးကွပ်ကဲရေးဝန်ကြီးဌာနရဲ့ သတ်မှတ်ချက်ကို တရားဝင်ဖြစ်အောင် ကျန်းမာရေးဝန်ကြီးက လက်မှတ်ရေးထိုးပေးဖို့လိုအပ်ပါတယ်။

အဆိုပါအတည်ပြုချက်ကို အစိုးရသတင်းပြန်တမ်းမှာ ကြေညာပြီး ရက်ပေါင်း ၁၂၀ ကြာတဲ့အခါ စတင်အသက်ဝင်လာမှာဖြစ်ပါတယ်။ပြီးခဲ့တဲ့လက ထိုင်းနိုင်ငံမူးယစ်ဆေးဝါးဥပဒေလက်အောက်မှာရှိတဲ့ တရားမဝင်ဆေးဝါးစာရင်းကနေ ဆေးခြောက်ပင်ကို ဖယ်ရှားခဲ့ပါတယ်။

ဆေးခြောက်လက်ဝယ်ထားရှိခြင်းက ပြစ်မှုမြောက်သေးလားဆိုတာကတော့ ရှင်းရှင်းလင်းလင်း မသိရသေးကြောင်း ရဲတွေနဲ့ ရှေ့နေတွေက ပြောပြသွားပါတယ်။

လက်ရှိအချိန်မှာ ဆေးခြောက်ထုတ်လုပ်မှုနဲ့ လက်ဝယ်ထားရှိမှုတို့က ဥပဒေအရနားလည်ပေးထားပေမယ့် စိတ်အပန်းဖြေဖို့အတွက် ဆေးခြောက်အသုံးပြုခြင်းကိုတော့ တရားဝင် ခွင့်မပြုထားပါဘူး။

ဆေးခြောက်ပင်ကလွဲပြီး စိတ်ကြွရူးသွပ်စေတဲ့ တက်ထရာဟိုက်ဒရိုကန်နာဘီနောလ် ၀.၂ ရာခိုင်နှုန်းထက် ပိုမိုပါဝင်တဲ့ တားမြစ်ဆေးတွေကိုတော့ ကျန်းမာရေးဝန်ကြီးဌာနက ဆက်လက်တားမြစ်ထားပါတယ်။

၂၀၂၀ ခုနှစ်မှ ထိုင်းနိုင်ငံက ဆေးဖြစ်ဝါးဖြစ် ဆေးခြောက်အသုံးပြုခြင်းနဲ့ ထုတ်လုပ်ခြင်းတို့ဟာ ပြစ်မှုမမြောက်ကြောင်း ကြေညာလိုက်တဲ့ ပထမဆုံးအာရှနိုင်ငံဖြစ်လာပါတယ်။

၂၀၂၀ ခုနှစ်ပြောင်းလဲမှုအရ ဆေးခြောက်ပင်ရဲ့ အစိတ်အပိုင်းအများစုကို တားမြစ်ဆေးစာရင်းမှ ဖယ်ရှားလိုက်ပေမယ့် တကိုယ်ရည်စိတ်အပန်းဖြေဖို့အတွက်သုံးတဲ့ အစေ့နဲ့အဖူးတွေကိုတော့ ကင်းလွတ်ခွင့်မပေးထားပါဘူး။
FDA က လက်ရှိအကောင်အထည်ဖော်နေတဲ့ အဆိုပြုချက်မှာတော့ အပင်ရဲ့အစိတ်အပိုင်းအားလုံးကို တားမြစ်ဆေးစာရင်းကနေ ဖယ်ရှားပေးဖို့ အဆိုပြုထားပါတယ်။

ဆေးခြောက်ကို တရားမဝင်ဆေးဝါးအဖြစ်မှ ဖယ်ရှားသတ်မှတ်ပေးဖို့ ကျန်းမာရေးဝန်ကြီး'အန်နျူတင်'က နောက်ကွယ်မှ တွန်းအားပေးလုပ်ဆောင်နေတာဖြစ်ပါတယ်။

အဆိုပါပုဂ္ဂိုလ်ဟာ နိုင်ငံညွန့်ပေါင်းအစိုးရရဲ့ အဓိကမိတ်ဖက်ဖြစ်ပြီး ၂၀၁၉ အထွေထွေရွေးကောက်ပွဲမှာ တောင်သူလယ်သမားတွေကို ကူညီနိုင်ဖို့ ဆေးခြောက်ထုတ်လုပ်ခြင်းကို တရားဝင်ဖြစ်အောင်ပြုလုပ်မယ်ဆိုပြီး မဲဆွယ်စည်းရုံးခဲ့ပါတယ်။

ဆေးခြောက်ပင်ထုတ်ကုန်တွေကို ထုတ်လုပ်မြှင့်တင်ရေးမှာ ပါဝင်ကူညီနေပြီး ထိုင်းနိုင်ငံရဲ့ အဓိကစက်မှုလုပ်ငန်းဖြစ်လာအောင် ဆောင်ရွက်နေတာကိုလည်း တွေ့မြင်နိုင်ပါတယ်။

အခုလိုအသိအမှတ်ပြုလိုက်ခြင်းက ဆေးခြောက်ပင်ကို ကျန်းမာရေးစောင့်ရှောက်ကုသမှုအတွက် အားသာချက်တွေရှိလာနိုင်ပြီး တိုင်းပြည်အတွက် ဝင်ငွေတိုးတက်လာမှာဖြစ်ကြောင်း ပြောကြားသွားပါတယ်။

ဆေးခြောက်ပင်ကို တရားဝင်အသုံးပြုနိုင်ရေးအား ရှင်းလင်းနိုင်ရန် ဆေးခြောက်ပင်အဆိုပြုမူကြမ်းကို ပါလီမန်မှာတင်သွင်းသွားမှာဖြစ်ကြောင်း 'အန်နျူတင်'ရဲ့ပါတီအဖွဲ့ က ဗုဒ္ဓဟူးနေ့က ကြေညာသွားပါတယ်။
Source: AP New