#WorldHealth
Published - 23 January 2022
ကိုဗစ်ရောဂါကိုဖြစ်စေတဲ့ ကိုရိုနာဗိုင်းရပ်စ်ဟာ တစ်ကမ္ဘာလုံးရှိ လူသန်းပေါင်းများစွာကို ကူးစက်စေခဲ့တဲ့အပြင် တိရိစ္ဆာန်အမျိုးမျိုးကိုပါ ကူးစက်ခဲ့ပါတယ်။

ဝက်သတ္တဝါတွေဟာလည်း ဗိုင်းရပ်စ်ကူးစက်ခံရနိုင်ပေမယ့် ဖျားနာခြင်းတော့ မတွေ့ရပါဘူး။Cell Death Discovery ဂျာနယ်မှာ ဖော်ပြထားတဲ့ လေ့လာချက်အရ ဝက်တွေမှာ ဘာကြောင့်ဖျားနာခြင်းမဖြစ်နိုင်တာလဲဆိုတာကို သိပ္ပံပညာရှင်တွေ မှန်းဆလို့ ရနေပါတယ်။

SARS-CoV-2 ကိုရိုနာဗိုင်းရပ်စ်ဟာ တိရိစ္ဆာန်ကနေ စတင်ဖြစ်ပေါ်လာတယ်လို့ ယူဆခဲ့ကြပြီး အဲဒီကနေမှ လူသားတွေထံ ကူးစက်လာတယ်လို့ ခန့်မှန်းထားကြပါတယ်။

ဒီယူဆချက်ကို အတော်များများလက်ခံထားပေမယ့် တိရိစ္ဆာန်ကနေ လူသားတွေဆီ ဘယ်လိုဘယ်ပုံကူးစက်လာသလဲဆိုတာကိုတော့ ငြင်းခုန်နေကြဆဲဖြစ်ပါတယ်။

တိရိစ္ဆာန်မှကူးစက်တဲ့ရောဂါဖြစ်တဲ့အတွက် သတ္တဝါမျိုးစုံဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရနိုင်ပါတယ်။အထူးသဖြင့် ကြောင်၊ ခွေး၊ မြွေပါ၊ သမင်၊ ကျား၊ ဟမ်းစတားကြွက်တွေဟာ ဗိုင်းရပ်စ်ကူးစက်ခံရနိုင်ပြီး ရောဂါခံစားရနိုင်ပါတယ်။

အချို့ကူးစက်မှုတွေမှာတော့ သူတို့ကနေတဆင့် ဆက်လက်ပျံ့ပွားနိုင်ပါတယ်။
ဒီဗိုင်းရပ်စ်တွေဟာ တိရိစ္ဆာန်ကနေ လူသားတွေဆီကူးစက်နိုင်သလို အပြန်အလှန်အနေဖြင့် လူသားတွေကနေ တိရိစ္ဆာန်တွေဆီကိုလည်း ကူးစက်နိုင်ပါသေးတယ်။

ကိုဗစ်ကပ်ရောဂါအစမှာ ဝက်တွေက ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရနိုင်တယ်လို့ သိပ္ပံပညာရှင်တွေ သိရှိထားပေမယ့် အလွန်များပြားတဲ့ ဗိုင်းရပ်စ်ပမာဏနဲ့မှ ကူးစက်နိုင်တာဖြစ်ပါတယ်။

အဲဒီတွေ့ရှိချက်က အခုအချိန်မှာ အလွန်အရေးပါလာပြီဖြစ်ပါတယ်။
ဝက်တွေမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရပေမယ့် ဖျားနာရောဂါမခံစားရတဲ့အကြောင်းအရင်းက သူတို့ မှာ ရောဂါကိုခုခံပေးနိုင်တဲ့ antibody တွေ တွေ့ရှိရပြီး ဗိုင်းရပ်စ်ခုခံနိုင်စွမ်းကို လေ့လာရာမှာ ဝက်တွေကို စံပြနမူနာအဖြစ် အသုံးပြုနိုင်ပါတယ်။

လူတွေနဲ့ ဝက်တွေရဲ့ အသက်ရှူလမ်းကြောင်းမှ ဆဲလ်တွေကို ဗိုင်းရပ်စ်နမူနာနဲ့ ထိတွေ့စေကာ ကိုရိုနာဗိုင်းရပ်စ်ကို ဝက်တွေခံနိုင်ရည်ရှိရတဲ့ အကြောင်းအရင်းကို လေ့လာခဲ့ကြပါတယ်။

လူသားတွေရဲ့ဆဲလ်က ထင်ထားတဲ့အတိုင်းသာ တုန့်ပြန်ခဲ့ပေမယ့် ဝက်တွေရဲ့ဆဲလ်သဘာဝကတော့ အနည်းငယ်ကွာခြားနေခဲ့ပါတယ်။SARS-CoV-2 ဗိုင်းရပ်စ်ကူးစက်တဲ့အခါ ဝက်တွေရဲ့ဆဲလ်တွေက သေဆုံးသွားပြီး ဆဲလ်တွေရဲ့နျူကလိယပ်စ်တွေက အပိုင်းပိုင်းပျက်စီးသွားပါတယ်။

ဒါဟာ ပုံမှန်ဆဲလ်သေဆုံးခြင်းဖြစ်စဉ်သာဖြစ်ကာ ကူးစက်သွားတဲ့ဆဲလ်တွေက အခြားဆဲလ်တွေဆီ ဆက်မကူးဘဲ သူတို့ဘာသာသေဆုံးသွားတာကြောင့် ဆဲလ်လမ်းကြောင်းတလျှောက်မှာ ကူးစက်မှုတွေ ဆက်လက်မဖြစ်ပေါ်ဘဲ ထိခိုက်မှုအနည်းဆုံးသာ ဖြစ်ပေါ်လာပါတယ်။

ဒီဖြစ်စဉ်က ဝက်တွေမှာသာ ဖြစ်တတ်တဲ့ဖြစ်စဉ်မဟုတ်ဘဲ လူတွေမှာလည်း ရှိနေပါတယ်။ဒါပေမဲ့ ဝက်တွေမှာက အဆ ၁၀၀ ပိုဖြစ်နိုင်ချေရှိနေတာဖြစ်ပါတယ်။

လူတွေမှာလည်း ဆဲလ်သေဆုံးခြင်းရှိပေမယ့် သေသွားတဲ့ဆဲလ်တွေဆီကဗိုင်းရပ်စ်တွေက ဘေးနားကဆဲလ်တွေဆီ ပျံ့နှံသွားစေတာဖြစ်ပါတယ်။

တိရိစ္ဆာန်တွေမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခြင်းက မျိုးဗီဇကွဲအသစ်တွေ ထွက်ပေါ်လာနိုင်တာကြောင့် ကူးစက်နိုင်တဲ့မျိုးစိတ်တွေမှာ ဗိုင်းရပ်စ်ချေဖျက်နည်းလမ်းကို ရှာဖွေခြင်းက ကိုရိုနာကပ်ရောဂါကို တိုက်ဖျက်ဖို့ အရေးကြီးတဲ့ကဏ္ဍဖြစ်နေပါတယ်။
Source: The Jerusalem Post.