#WorldHealth
Published 22 January 2022

 

အသက် ၅ နှစ်မှ ၁၁ နှစ်ကြား ကလေးသူငယ်တွေမှာ ဖိုင်ဇာကိုဗစ်ကာကွယ်ဆေးကို ဆေးပမာဏလျှော့ချပြီး ထိုးနှံပေးသင့်ကြောင်း WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းက သောကြာနေ့က အကြံပြုလိုက်ပါတယ်။

 

Strategic Advisory Group of Experts (SAGE) အဖွဲ့က ရောဂါခုခံအားနဲ့ပတ်သက်ပြီး ကာကွယ်ဆေးရဲ့ထိရောက်မှုအကြောင်း တွေ့ဆုံဆွေးနွေးကြပြီးနောက် အခုလိုအကြံပြုချက် ထွက်ပေါ်လာတာဖြစ်ပါတယ်။

 

ဖိုင်ဇာကာကွယ်ဆေးကို လက်ရှိမှာတော့ အသက် ၁၂ နှစ်နဲ့အထက်မှာ ထိုးနှံခွင့်ပြုထားပါတယ်။အသက် ၁၂ နှစ်နဲ့အထက် လူတွေမှာ ဆေးပမာဏ ၃၀ မိုက်ခရိုဂရမ် ထိုးနှံရတာဖြစ်ပြီး အသက် ၁၂ နှစ်အောက်တွေမှာတော့ ၁၀ မိုက်ခရိုဂရမ်ထိုးနှံဖို့ ညွှန်ကြားထားပါတယ်။

 

အခြားရောဂါရှိတဲ့ကလေးတွေကလွဲပြီး အသက် ၅ နှစ်မှ ၁၁ နှစ်ကြားကလေးတွေဟာ ကိုဗစ်ကာကွယ်ဆေးထိုးနှံရေးမှာ နောက်ဆုံးဦးစားပေးအခြေအနေမှာရှိနေကြောင်း SAGE အဖွဲ့ဥက္ကဌ အယ်လီယန်ဒရိုကရေဗီယိုတိုက မီဒီယာရှင်းလင်းပွဲမှာ ပြောကြားလိုက်ပါတယ်။

 

အမေရိကန်၊ ကနေဒါ၊ အစ္စရေးလ်၊ ဥရောပသမဂ္ဂတို့မှာလည်း အသက် ၅ နှစ်မှ ၁၁ နှစ်ကြားကလေးတွေကို ဖိုင်ဇာ-ဘိုင်အိုတက်ခ်ကာကွယ်ဆေး ထိုးပေးဖို့ ခွင့်ပြုထားပြီဖြစ်ပါတယ်။

 

ဓာတ်ခွဲခန်းစမ်းသပ်ချက်တွေအရ အသက် ၅ နှစ်မှ ၁၁ နှစ်ကြားကလေးတွေကို ဖိုင်ဇာကာကွယ်ဆေးဖြင့် စမ်းသပ်ရာမှာ ဘေးကင်းစိတ်ချရကြောင်းတွေ့ရှိရတယ်လို့ WHO မှ ကာကွယ်ဆေးညွှန်ကြားရေးမှူး ကိတ်အိုဘရိုင်ယန်က ဆိုပါတယ်။

 

ကျန်းမာရေးဝန်ထမ်းတွေနဲ့ သက်ကြီးရွယ်အိုတို့လို ဦးစားပေးအဖွဲ့တွေမှာ ဖိုင်ဇာကာကွယ်ဆေး ၂ ကြိမ်ထိုးပြီး ၄ လမှ ၆ လကြာတဲ့အခါ ဖိုင်ဇာရဲ့ booster အားမြှင့်ကာကွယ်ဆေးကို ထိုးနှံသင့်ကြောင်းလည်း WHO က အကြံပြုထားပါတယ်။

 

ရောဂါဆိုးရွားစွာဖြစ်ပွားနိုင်တဲ့ လူတွေမှာ booster အားမြှင့်ကာကွယ်ဆေးထိုးပေးခြင်းက သာမန်လူတွေမှာ မူလကာကွယ်ဆေး ၂ ကြိမ်ထိုးပေးခြင်းထက် ရောဂါဆိုးရွားစေမှုကို သိသိသာသာ လျှော့ချပေးနိုင်ပါတယ်။

 

ကာကွယ်ဆေး ပိုမိုရရှိနိုင်မှုအခြေအနေ၊ လက်ရှိကာကွယ်လွှမ်းခြုံနိုင်မှုနဲ့ မျိုးဗီဇကွဲများ စိုးရိမ်ရမှုတို့ကို ထည့်သွင်းစဉ်းစားပြီး ကိုဗစ်ကာကွယ်ဆေး ဦးစားပေးပြင်ဆင်မှုတွေကို ပြုလုပ်ထားတာဖြစ်ကြောင်း ကရေဗီယိုတိုက ဆိုပါတယ်။

 

"အသက် ၁၂ နှစ်အောက်တွေမှာ booster အားမြှင့်ကာကွယ်ဆေး ထိုးနှံဖို့လိုအပ်တယ်ဆိုတဲ့ အထောက်အထားမျိုးတော့ မတွေ့ရသေးပါဘူး"လို့ အိုဘရိုင်ယန်က ပြောကြားသွားပါတယ်။

Source: Reuters
#Yangon_Media_Group