#WorldHealth
Published - 22 January 2022‌
ကိုရိုနာဗိုင်းရပ်စ်က လူ့ခန္ဓာကိုယ်ကို ထိခိုက်အန္တရာယ်ပေးနိုင်တယ်လို့ သိထားပြီးဖြစ်ပေမယ့် ကလေးတွေမှာ ဘယ်လောက်အထိ ထိခိုက်စေသလဲဆိုတာကိုတော့ များများစားစား မသိကြသေးပါဘူး။

ပြီးခဲ့တဲ့အပတ်က အတ္တလန်တာမှ ရောဂါထိန်းချုပ်ကာကွယ်ရေးစင်တာ (CDC)က လေ့လာချက်တစ်ခုကို တင်ပြရာမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ထားတဲ့ အသက် ၁၈ နှစ်အောက်ကလေးတွေမှာ ဆီးချိုရောဂါဖြစ်လာနိုင်ချေရှိကြောင်း တွေ့ရှိခဲ့တာကြောင့် စိုးရိမ်စရာအခြေအနေ ဖြစ်လာရပါပြီ။

အမေရိကန်ကျန်းမာရေးအာမခံအဖွဲ့က ၂၀၂၀ မတ်လမှ ၂၀၂၁ ဇွန်လအတွင်း အသက် ၁၈ နှစ်အောက်လူငယ်တွေမှာ ဆီးချိုရောဂါအဖြစ်များမှု စာရင်းမှတ်တမ်းကို ကြည့်ရှုလေ့လာခဲ့ကြပါတယ်။

အဲဒီနောက် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ထားတဲ့ ကလေးတွေရဲ့ ဆီးချိုရောဂါဖြစ်ပေါ်လာမှုနှုန်းနဲ့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခြင်းမရှိတဲ့ ဆီးချိုရောဂါသည်တို့ကို နှိုင်းယှဉ် ကြည့်ခဲ့ကြပါတယ်။

အဆိုပါအဖွဲ့ ၂ ဖွဲ့စလုံးမှာ ဆီးချိုရောဂါအခြေအနေဆိုးရွားလာခဲ့ပြီး ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခြင်းမရှိတဲ့သူတွေက ဆီးချိုရောဂါ ၃၀ ရာခိုင်နှုန်းပိုမိုဆိုးရွားလာပြီး ကိုရိုနာဗိုင်းရပ်စ်ကူးစက်ထားတဲ့သူတွေကတော့ ၂.၆ ဆမျှ ပိုမိုဆိုးရွားလာခဲ့ပါတယ်။

ဆီးချိုရောဂါရှာဖွေတွေ့ရှိထားတဲ့ လူနာတွေက ကိုယ်အလေးချိန်လျှော့ချကာ ဆေးကုသမှုတွေခံယူပြီး ပြန်လည်သက်သာလာနိုင်တဲ့ ပထမအမျိုးအစားဆီးချိုရောဂါလား ဒါမှမဟုတ် ပြန်လည်မသက်သာနိုင်တော့တဲ့ ဒုတိယအမျိုးအစားဆီးချိုရောဂါလား ဆိုတာကိုတော့ တိတိကျကျ မသိရပါဘူးလို့ CDC မှ ဦးဆောင်သုတေသနပညာရှင် ဒေါက်တာရှာရွန်ဆိုင်ဒါက ဆိုပါတယ်။

ဒီလေ့လာတွေ့ရှိချက်အရ ကိုဗစ်ကာကွယ်ဆေးမထိုးရသေးတဲ့ ကလေးတွေမှာ ကာကွယ်ဆေးထိုးဖို့ ဘယ်လောက်အထိ အရေးပါနေသလဲဆိုတာကို တွေ့မြင်နေရပါတယ်။

ကလေးတွေမှာ ခဏခဏရေဆာခြင်း၊ မကြာခဏဆီးသွားခြင်း၊ ကိုယ်အလေးချိန်ကျခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်းစတဲ့ ဆီးချိုလက္ခဏာတွေပေါ်လာပြီဆိုရင် ကလေးအထူးကုတွေအနေနဲ့ သတိရှိဖို့လိုပါတယ်။

ဝုဗ်ဆန်ဆေးကုသစင်တာ ဆီးချိုရောဂါသုတေသနအဖွဲ့မှ ညွှန်ကြားရေးမှူး ပရော်ဖက်ဆာဂျူလီယိုဝိန်းစတိန်းက "ကိုရိုနာဗိုင်းရပ်စ်ဟာ ခန္ဓာကိုယ်အတွင်းရှိအင်္ဂါအမျိုးမျိုးကို ထိခိုက်စေနိုင်တယ်လို့ သိရှိထားပါတယ်" လို့ ဆိုပါတယ်။

ကိုရိုနာဗိုင်းရပ်စ်က ဦးနှောက်နဲ့ အစာခြေအဖွဲ့အစည်းတွေထံ ထိုးဖောက်ဝင်ရောက်နိုင်တာကို တွေ့ရှိရတဲ့အပြင် အခုအခါ ပန်ကရိယကိုလည်း ထိခိုက်စေကြောင်း ထပ်မံတွေ့ရှိထားပါတယ်။

ပန်ကရိယမှထုတ်လုပ်တဲ့ အင်ဆူလင်ဟော်မုန်းဟာ သွေးတွင်းရှိသကြားဓာတ်ပမာဏကို ထိန်းညှိပေးပါတယ်။ပန်ကရိယအင်္ဂါကို ထိခိုက်လာတဲ့အခါမှာ အင်ဆူလင်ဟော်မုန်း မထုတ်လုပ်နိုင်တော့တာကြောင့် သွေးတွင်းသကြားဓာတ်ပမာဏမြင့်တက်လာကာ ဆီးချိုသွေးချိုရောဂါ ဖြစ်လာပါတော့တယ်။

ပရော်ဖက်ဆာဝိန်းစတိန်းက "ကလေးတွေမှာ ကိုဗစ်ကာကွယ်ဆေးမထိုးထားလို့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပြီဆိုပါက ဆီးချိုရောဂါဖြစ်ပွားနိုင်ချေရှိနေပါတယ်" လို့ သတိပေးလိုက်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ်က ကူးစက်ခါစမှာ အသက်ရှူလမ်းကြောင်းစနစ်ကို ထိခိုက်စေတယ်လို့ သိထားပေမယ့် အခုအခါတော့ နောက်ဆက်တွဲဆိုးကျိုးတွေပါ ခံစားရနိုင်တာကြောင့် ကလေးတွေမှာ ကိုဗစ်ကာကွယ်ဆေးထိုးပေးသင့်ကြောင်း ပရော်ဖက်ဆာက ပြောကြားသွားပါတယ်။
Source: The Jerusalem Post