Published-25 July 2021
ရုရှားရေတပ်ဟာ ဘယ်ရန်သူကိုမဆို စူးစမ်းထောက်လှမ်းနိုင်ပြီး လိုအပ်ပါက မတားဆီးနိုင်တဲ့ တိုက်ခိုက်မှုတွေကို လုပ်ဆောင်နိုင်တယ်လို့ သမ္မတဗလက်ဒီမီယာပူတင်က တနင်္ဂနွေနေ့က ပြောကြားလိုက်ပါတယ်။ ယူကေရဲ့ စစ်သင်္ဘောတစ်စီး ခရီးမီးယားကျွန်းဆွယ်ကိုဖြတ်သန်းတဲ့အတွက် မော်စကိုကို ဒေါသဖြစ်စေခဲ့တဲ့ဖြစ်ရပ် ဖြစ်ခဲ့ပြီး ရက်သတ္တပတ် များစွာအကြာမှာ ပူတင်က ယခုလိုပြောကြားလိုက်တာဖြစ်တယ်လို့ ရိုက်တာကရေးသားပါတယ်။
“ ကျွန်တော်တို့ဟာ ရေအောက်၊ရေပေါ်၊လေပေါ်က ဘယ်ရန်သူကိုမဆို ထောက်လှမ်းသိရှိနိုင်တယ်။ လိုအပ်မယ်ဆိုရင် သူတို့ကို တားဆီးလို့မရနိုင်တဲ့ တိုက်ခိုက်မှုတွေဆောင်ရွက်နိုင်တဲ့စွမ်းရည်တွေ ရှိတယ်” လို့ စိန့်ပီတာစဘတ်မှာ တနင်္ဂနွေနေ့မှာ ကျင်းပတဲ့ ရေတပ်နေ့စစ်ရေးပြအခမ်းအနားတစ်ခုမှာ ပူတင်က ပြောကြားခဲ့ပါတယ်။
ဇွန်လတုန်းက ပင်လယ်နက်မှာ ဗြိတိန်စစ်သင်္ဘောတစ်စီးကို ရုရှားက ပစ်ခတ်၊ခုတ်မောင်းရာလမ်းကြောင်းမှာ ဗုံးကြဲချပြီး ခရီးမီးယားရေပိုင်နက်ထဲကနေ နှင်ထုတ်ပစ်လိုက်ရတယ်လို့ ရုရှားကပြောခဲ့ပါတယ်။ အဲဒီကိစ္စဖြစ်ပွားပြီးနောက် ပူတင်ရဲ့ ယခုလိုစကားတွေ ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။
ဗြိတိန်ကတော့ ရုရှားပြောဆိုချက်ကို ပယ်ချခဲ့ပါတယ်။ ပစ်ခတ်တာတွေဟာ ရုရှားရဲ့ကြိုတင်ကြေညာတဲ့ အမြှောက်လေ့ကျင့်ပစ်ခတ်မှု များသာဖြစ်ပြီး ဘယ်ဗုံးမှကြဲမချခဲ့ပါဘူးလို့ ဗြိတိန်က ပြောပါတယ်။
၂၀၁၄ခုနှစ်မှာ ရုရှားဟာ ခရီးမီးယားကို ယူကရိန်းဆီကနေ သိမ်းယူခဲ့ပါတယ်။ ဗြိတိန်နှင့် နိုင်ငံအများစုဟာ ပင်လယ်နက် ကျွန်းဆွယ်ကို ရုရှားမပိုင်ဘဲ ယူကရိန်းပိုင်လို အသိအမှတ်ပြုထားကြတာဖြစ်တယ်လို့ ရိုက်တာကရေးသားပါတယ်။
ရုရှားဟာ ဗြိတိန်စစ်သင်္ဘော HMS Defender ရေပိုင်နက်ထဲခိုးဝင်လာတယ်လို့ စွပ်စွဲခဲ့ပြီး တတိယကမ္ဘာစစ်မစတင်ဘဲနှင့် အဲဒီစစ်သင်္ဘောကို မြှပ်ပစ်လိုက်နိုင်တယ်လို့ ပူတင်က ပြီးခဲ့တဲ့လတုန်းကပြောကြားခဲ့ပါတယ်။ ပြီးတော့ အမေရိကန်ပြည်ထောင်စုဟာ ဆွပေးနေတဲ့နေရာကနေ ပါဝင်နေတယ်လို့လည်း သူကပြောကြားခဲ့ပါတယ်။
Source: Reuters