Published -26 July 2021
တူနီးရှားသမ္မတဟာ တနင်္ဂနွေနေ့က အစိုးရကိုဖယ်ပစ်လိုက်ကာ ပါလီမန်ကို ရပ်တန့်ပစ်လိုက်ခြင်းကြောင့် အတိုက်အခံတွေက အဲဒီလုပ်ရပ်ကို အာဏာသိမ်းတာလို့ သတ်မှတ်လိုက်ကြပြီး သူတို့ကိုထောက်ခံသူတွေကို လမ်းပေါ်ထွက် ဆန္ဒတွေပြကြဖို့ နှိုးဆော်လိုက်ကြပါတယ်။
သမ္မတကိုင်ဆေးက ဝန်ကြီးချုပ်အသစ်ရဲ့အကူအညီနှင့် စီရင်ဆုံးဖြတ်ခွင့်အာဏာကို ဆွဲကိုင်မယ်လို့ပြောလိုက်ပါတယ်။ ၂၀၁၁ တော်လှန်ရေးကနေ စတင်ကျင့်သုံးခဲ့တဲ့ ဒီမိုကရေစီနစ်အတွက် အကြီးဆုံးစိန်ခေါ်မှုတစ်ခုဖြစ်သွားပြီလို့ ရိုက်တာသတင်းဌာန ကရေးသားလိုက်ပါတယ်။
လူအုပ်ကြီးဟာ မြို့တော်နှင့်အခြားမြို့ကြီးတွေမှာ ချက်ခြင်းပြည့်လျှံသွားပြီး ကိုင်ဆေးကို ထောက်ခံကာ ဩဘာပေးကြ၊ကားဟွန်းတွေတီးကြတာတွေကို လုပ်ခဲ့ကြပါတယ်။
သမ္မတဆေးက သူတို့နှင့်အတူ လမ်းပေါ်မှာပါဝင်ဆင်နွှဲခဲ့ကြတာကို နိုင်ငံပိုင်ရုပ်သံတွေကလည်း ထုတ်လွှင့်ပြသခဲ့ကြပါတယ်။
ဒါပေမယ့် ဆေး ရဲ့ယခုလုပ်ရပ်အပေါ် ထောက်ခံကြတဲ့ အတိုင်းအတာ ဘယ်လောက်ရှိမယ်ဆိုတာတော့ မသဲကွဲပါဘူး။ ပါလီမန်ဥက္ကဋ္ဌရေ့ချ်ဂန်နောင်ချီက ဒါဟာ အာဏာသိမ်းတာဖြစ်တယ်ဆိုပြီး အဲဒါကိုရပ်တန့်ပစ်ဖို့ တိုနီးရှားပြည်သူတွေကို လမ်းပေါ်ထွက်လာကြပါလို့ ဆော်ဩနေပါတယ်။
သမ္မတဆေးက အကြမ်းဖက်တုန့်ပြန်မှုတွေအပေါ် ရုပ်သံကြေညာချက်ကနေ သတိပေးလိုက်ပါတယ်။
“ လက်နက်အားကိုးတုန့်ပြန်သူတွေ၊ ကျည်ဆံနှင့်ပစ်ခတ်သူတွေ ဘယ်သူမဆို စစ်တပ်က ကျည်ဆံနှင့် ပြန်တုန့်ပြန် ရလိမ့်မယ်လို့ “ သူက ရုပ်မြင်သံကြားကနေ သဘောထားထုတ်ပြန်ကြေညာပါတယ်။
ကြေညာချက်ထုတ်ပြန်ပြီး နာရီပေါင်းများစွာအကြာမှာ စစ်ကားတွေဟာ ပါလီမန်အဆောက်အအုံတစ်ဝိုက် ဝန်းရံထားပါတယ်။ အနားတစ်ဝိုက်မှာတော့ ဩဘာပေးသံနှင့် တူနီးရှားနိုင်ငံတော်သီချင်းကို ဟစ်ကြွေးသံတွေနှင့်ရှိနေကြတယ်လို့ ရိုက်တာကရေးပါတယ်။ ပြည်တွင်းမီဒီယာတစ်ခုက စစ်တပ်ဟာ အစိုးရပိုင်ရုပ်မြင်သံကြား အဆောက်အအုံကိုလည်း ဝိုင်းထားတယ်လို့သတင်းထုတ်ပြန်တယ်လို့ မျက်မြင်နှစ်ဦးက ရိုက်တာကို ပြောပါတယ်။
မနှစ်က ကိုဗစ်-၁၉ ကပ်ဘေးကြောင့် စီးပွားရေးတွေထိခိုက်ပျက်စီးတာမတိုင်ခင်ကတည်းက နှစ်ပေါင်းများစွာ တုန့်ဆိုင်း၊အကျင့်ပျက်ခြားစားမှုတွေနှင့် ကျဆင်းလာနေတဲ့ အစိုးရလုပ်ငန်းတွေ၊ အလုပ်လက်မဲ့နှုန်းမြင့်တက် လာမှုတွေကြောင့် တိုနီးရှားပြည်သူတော်တော်များများကို စိတ်ကုန်နေစေခဲ့တာဖြစ်ပါတယ်။
တနင်္ဂနွေနေ့က ထောက်ခံဆန္ဒပြပွဲတွေဟာ ဆိုရှယ်မီဒီယာလှုပ်ရှားတက်ကြွသူတွေက လုပ်ဆောင်ခဲ့ကြတာဖြစ်ပြီး ဘယ်နိုင်ငံရေးပါတီကြီးတစ်ခုခုကမျှ အားပေးထောက်ခံခဲ့ခြင်းမဟုတ်ပါဘူး။ သူတို့ဟာ ပါလီမန်မှာ အင်အားအကြီးဆုံး ဖြစ်တဲ့ အစွမ်းမရောက်တဲ့အစ္စလမ်မစ် အင်နတ်ဒါပါတီအပေါ် စိတ်ဆိုးမာန်ဆိုးဖြစ်ခဲ့ကြတာဖြစ်ပါတယ်။
အင်နတ်ဒါဟာ တော်လှန်ရေးမတိုင်ခင် အပိတ်ခံထားရတဲ့ ပါတီဖြစ်ပါတယ်။ ၂၀၁၁ခုနှစ်ကတည်းက တောက်လျောက် အောင်မြင်လာတဲ့ပါတီဖြစ်ပြီး အစဉ်အဆက် ညွန့်ပေါင်းအစိုးရတွေမှာ ပါဝင်လာခဲ့ပါတယ်။
အဲဒီပါတီရဲ့ခေါင်းဆောင် ပါလီမန်ဥက္ကဋ္ဌ ဂန်နောင်ချီက ဆေးရဲ့ဆုံးဖြတ်ချက်ကို “ တော်လှန်ရေးနှင့် အခြေခံဥပဒေကိုဆန့်ကျင်တဲ့ အာဏာသိမ်းမှု”လို ရိုက်တာသတင်းဌာနနှင့် ဖုန်းဆက်သွယ်ပြောကြားရာမှာ ချက်ခြင်း တံဆိပ်ကပ်လိုက်ပါတယ်။
“ အဖွဲ့အစည်းတွေ ဆက်လက်တည်ရှိနေတုန်းဖြစ်တယ်လို့ ကျွန်တော်တို့ယူဆတယ်။အင်နတ်ဒါကိုထောက်ခံသူတွေနှင့် တူနီးရှားပြည်သူတွေဟာ တော်လှန်ရေးကို ခုခံကာကွယ်ကြပါလိမ့်မယ်” လို့ ဖြည့်စွက်ပြောကြားလိုက်ပါတယ်။ သူ့ပြော ကြားချက်ဟာ အင်နတ်ဒါကိုထောက်ခံသူတွေနှင့် ဆေး အကြား ထိပ်တိုက်ရင်ဆိုင်တွေ့လာနိုင်စရာတွေမြင့်တက်လာ စေပါတယ်။
ဂန်နောင်ချီက ဆေးရဲ့ဆောင်ရွက်မှုကို တွန်းလှန်တဲ့အနေနဲ့ ပါလီမန်အစည်းအဝေးလုပ်မယ်လို့လည်း ပြောကြားလိုက်ပါတယ်။
အခြားပါတီတစ်ခုဖြစ်တဲ့ ကာရာမာရဲ့ခေါင်းဆောင်နှင့် သမ္မတဟောင်း မွန်ဆက်မာဆောင်ကီးကလည်း အင်နတ်ဒါနှင့် ပူးပေါင်းလိုက်ပြီး ဆေးရဲ့လုပ်ဆောင်မှုကို အာဏာသိမ်းတာလို့ သုံးနှုံးလိုက်ပါတယ်။
ဆေးက သူ့ရဲ့ဆောင်ရွက်ချက်ဟာ အခြေခံဥပဒေ အခန်း၈၀နှင့်ကိုက်ညီမှုရှိတယ်လို့ပြောပါတယ်။ အဲဒီအခန်းမှာ ပါလီမန်အဖွဲ့ဝင်တွေရဲ့ ကင်းလွတ်ခွင့်ကို ရပ်ဆိုင်းခွင့်ပေးထားတယ်လို့ သူက ရည်ညွှန်းပြောဆိုပါတယ်။
“ သီလကြောင်တွေ၊ သစ္စာမဲ့မှုတွနှင့် ပြည်သူတွေရဲ့အခွင့်အရေးတွေကို လုယက်မှုတွေနှင့် ပြည်သူတော်တော်များများဟာ လှည့်ဖျားခံခဲ့ကြရတယ်” လို့လည်း ဆေး ကပြောပါတယ်။
၂၀၁၉ခုနှစ်မှာ သမ္မတနှင့် ပါလီမန်တွေကို အများကြိုက်ဆန္ဒမဲ သီးခြားစီနှင့် ရွေးချယ်ခဲ့ကြတာဖြစ်ပါတယ်။ ဝန်ကြီးချုပ် ဟီချန်မက်ချီဟာ မနှစ်နွေရာသီတုန်းက ကာလတိုအစိုးရတစ်ခုကို အစားထိုး တာဝန်ထမ်းဆောင်ခဲ့ပါတယ်။
ဆေးဟာ ပါတီတစ်ခုခု ကျောထောက်နောက်ခံမရှိတဲ့ တစ်သီးပုဂ္ဂလတစ်ဦးဖြစ်ပါတယ်။ သူက အကျင့်ပျက်ခြစားမှုတွေဖြစ်နေတဲ့ နိုင်ငံရေးစနစ်ကို အလုံးစုံပြောင်းလဲပြုပြင်မယ်လို့ ကတိပေးခဲ့ပါတယ်။
တူနီးရှားအခြေခံဥပဒေဆိုင်ရာ အငြင်းပွားမှုကို အခြေခံဥပဒေခုံရုံးက ဆုံးဖြတ်ပေးရပါတယ်။ ဒါပေမယ့် အခြေခံဥပဒေ အတည်ပြုပြီး ခုနှစ်နှစ်ကျော်ကြာသည့်တိုင် တရားသူကြီးတွေခန့်အပ်ဖို့ အငြင်းပွားနေကြလို ခုံရုံးကို ယခုတိုင် မဖွဲ့စည်း ရသေးဘဲဖြစ်နေခဲ့ရပါတယ်။
Source: Reuters