Published: 25 July 2021
အိန္ဒိယနိုင်ငံမှာ အဆက်မပြတ်ရွာသွန်းနေတဲ့ မုတ်သုန်မိုးကြောင့် မြေပြိုကျမှုနှင့်မတော်တဆထိခိုက်မှုတွေဖြစ်ပြီး စနေနေ့အထိ လူပေါင်း အနည်းဆုံး ၁၂၅ဦး သေဆုံးခဲ့ရပါတယ်။ ကယ်ဆယ်ရေးအဖွဲ့တွေဟာ ရွံ့နွံအထူထူအထပ်ထပ်နှင့် အပျက်အစီးတွေကြားထဲကနေ ရေနစ်မြုပ်နေတဲ့ အိမ်ဒါဇင်ပေါင်းများစွာဆီ ခက်ခက်ခဲခဲသွားရောက်နေကြရတယ်လို့ ရိုက်တာကရေးသားပါတယ်။
ဆယ်စုနှစ်လေးစုနှစ်အတွင်း အသည်းထန်ဆုံးရွာသွန်းတဲ့မိုးကြောင့် အိန္ဒိယနိုင်ငံရဲ့ မဟာရဋ္ဌပြည်နယ်ဟာ အထိခိုက်ဆုံးဖြစ်နေတာလို့ ကျွမ်းကျင်သူတွေက ပြောကြပါတယ်။ ပြီးခဲ့တဲ့ရက်အနည်းငယ်အတွင်းက ရွာတဲ့မိုးတွေကြောင့် အဓိကမြစ်ကြီးတွေဟာ မြစ်ရေလျှံဖို့ အန္တရာယ်ရှိနေစဉ်မှာ လူထောင်ပေါင်းများစွာရဲ့ အသက်အိုးအိမ် ထိခိုက်မှုတွေရှိနေပါတယ်။
စီးပွားရေးမြို့တော် မွမ်ဘိုငး်ရဲ့ အရှေ့တောင်ဘက် မိုင်၁၁၀အကွာမှာရှိတဲ့ တာလီရီရွာမှာ မြေပြိုကျမှုကြောင့် သေဆုံးသူ ၄၂ဦးအထိရှိခဲ့ပါတယ်။ အိမ်အများစုဟာ မြေပြိုလို့ပြားပြားဝပ်သွားကြရတယ်လို့ အကြီးတန်းအစိုးရ အရာရှိ တစ်ဦးက ရိုက်တာကို ပြောပါတယ်။
“ လူ၄၀လောက် ပိတ်မိနေတယ်။ သူတို့ကိုအသက်ရှင်လျက် ကယ်ထုတ်နိုင်ဖို့အခွင့်အရေးက အတော်နည်းနေတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ ရွှံ့နွံထဲမှာ၃၆နာရီကျော်ကြာမြုပ်နေလို့ဖြစ်တယ်” လို့ အမည်မဖော်လိုသူ အစိုးရ အရာရှိတစ်ဦးက ပြောပါတယ်။
ခက်ထန်ကြမ်းတမ်းတဲ့ ရာသီဥတုဟာ ကမ္ဘာ့နေရာအတော်များများမှာ ပြီးခဲ့တဲ့အပတ်အတွင်း ထိခိုက်ပျက်စီးစေခဲ့ပါတယ်။ တရုတ်နှင့် အနောက်ဥရောပနိုင်ငံတွေမှာ ရေကြီးရေလျှ့တာ၊မြောက်အမေရိကားမှာ အပူလှိုင်းကျရောက်တာတွေစတဲ့ ရာသီဥတုပြောင်းလဲခြင်းရဲ့ ရိုက်ခတ်မှုတွေကြောင့် စိုးရိမ်ထိတ်လန့်မှုအသစ်တွေ တိုးပွားလာနေကြရပါတယ်။
အိန္ဒိယနိုင်ငံရဲ့ အနောက်ဘက်ကမ်းခြေမှာ မိုးသည်းထန်မှုကြောင့် မိုးရေချိန်လက်မ၂၃လက်မအထိ ရရှိခဲ့ပါတယ်။အဲဒါကြောင့် ဆည်တွေက ရေပိုလွှဲကနေ ရေတွေထုတ်ပစ်ရလို့ လူတွေကို ဘေးကင်းရာနေရာ ပြောင်းရွှေ့ပေးခဲ့ကြရပါတယ်။ မဟာဘလက်ရှ်ဝါတောင်ကုန်းစခန်းဟာ ၂၄နာရီအတွင်း မိုးရေချိန် ၆၀စင်တီမီတာအထိ စံချိန်တင်ရရှိခဲ့ပါတယ်။
ကယ်ဆယ်ရေးသမားတွေဟာ ပြည်နယ်အတွင်းက မြေပြိုမှုဖြစ်တဲ့ နေရာလေးနေရာက လူတွေကို ကယ်ထုတ်ပေးနေရတယ်လို့ အရာရှိတွေက ပြောပါတယ်။
လူပေါင်းကိုးသောင်းခန့်ကို ရေကြီးတဲ့နေရာတွေကနေ ကယ်ထုတ်နိုင်ခဲ့ပါတယ် လို့ မဟာရဋ္ဌပြည်နယ် အစိုးရက သတင်းထုတ်ပြန်ပါတယ်။
မွမ်ဘိုင်းနှင့် တောင်ပိုင်းနည်းပညာမြို့ဘင်ဂလာရုကို ဆက်သွယ်ထားတဲ့ အမြန်လမ်းမကြီးမှာ ထောင်ပေါင်းများစွာသော ထရပ်ကားတွေဟာ ၂၄နာရီကျော် ပိတ်မိနေခဲ့ပါတယ်။ အမြန်လမ်းမကြီးရဲ့ အချို့လမ်းပိုင်းတွေ ရေမြုပ်နေတာပါ။
ဝန်ကြီးချုပ်နာရင်ဒါမိုဒီက အသက်ဆုံးရှုံးရမှုတွေအပေါ မချိတင်ကဲဖြစ်ရတယ်လို့ ပြောကြားပါတယ်။
“ မိုးကြီးနေတဲ့ မဟာရဋ္ဌရဲ့အခြေအနေကို ကျွန်တော်တို့ အနီးကပ်စောင့်ကြည့်နေပါတယ်။
ထိခိုက်မှုရှိနေတဲ့နေရာတွေကို အကူအညီတွေပေးနေပါတယ်” လို့ မိုဒီက တွစ်တာကနေ ရေးသားပါတယ်။
တောင်ပိုင်းက တေလင်္ဂဏပြည်နယ်မှာလည်း မြို့တော် ဟိုက်ဒရာဘတ်နှင့် မြေနိမ့်ပိုင်းတွေမှာ မိုးကြီးပြီးရေလျှံမှုတွေ ဖြစ်နေပါတယ်။
ရာသီဥတုပြောင်းလဲမှုနှင့် အထိမခံကမ်းခြေဒေသတွေမှာ မဆင်မခြင်ဆောက်လုပ်ရေးလုပ်ငန်းတွေကြောင့် သဘာဝဘေး အန္တရာယ်တွေပိုပြီးကြုံတွေ့ရနိုင်တယ်လို့ အိန္ဒိယက ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝါဒီတွေက သတိပေးလိုက်ပါတယ်။
Source: Reuters