#World_Health

Published -  7 January 2022

booster အားမြှင့်ကာကွယ်ဆေးအဖြစ် အသုံးပြုမယ့် ဘာရက်ဘိုင်အိုတက်ခ် (Bharat Biotech)ရဲ့ နှာခေါင်းအစက်ချကိုဗစ်ကာကွယ်ဆေး နောက်ဆုံးအဆင့်စမ်းသပ်ချက်တွေကို ပြုလုပ်ဖို့ အိန္ဒိယဆေးဝါးကွပ်ကဲရေးအဖွဲ့က ဇန်နဝါရီ ၅ ရက်နေ့က ခွင့်ပြုချက်ပေးလိုက်ပြီဖြစ်ကြောင်း ANI သတင်းမှာဖော်ပြထားပါတယ်။

ဘာရက်ဘိုင်အိုတက်ခ်ကုမ္ပဏီဘက်က booster အားမြှင့်ကာကွယ်ဆေးကို နှာခေါင်းအစက်ချကာကွယ်ဆေးအဖြစ် ထိုးနှံပေးခြင်းက လူအများအပြားကို ကိုဗစ်ကာကွယ်ဆေးထိုးပေးမယ့် အစီအစဉ်မှာ ပိုမိုလွယ်ကူစေမှာဖြစ်ပြီး နောက်ဆုံးအဆင့်စမ်းသပ်ချက်ကို ခွင့်ပြုပေးဖို့ ဒီဇင်ဘာလက အိန္ဒိယဆေးဝါးထိန်းချုပ်ကွပ်ကဲရေးအဖွဲ့ချုပ် (DCGI) ထံ လျှောက်ထားခဲ့ပါတယ်။

ဘာရက်ဘိုင်အိုတက်ခ်ရဲ့ နှာခေါင်းအစက်ချကိုဗစ်ကာကွယ်ဆေး တတိယအဆင့် အဆင့်မြှင့်လုပ်ဆောင်စမ်းသပ်မှုများနဲ့ တတိယအဆင့် booster အားမြှင့်ကာကွယ်ဆေးလေ့လာချက်များကို ပြုလုပ်ဖို့ DCGI က ခွင့်ပြုလိုက်ပြီး အတည်ပြုချက်ရရှိဖို့အတွက် စမ်းသပ်ဆောင်ရွက်ချက်များကို တင်ပြဖို့ တောင်းဆိုထားကြောင်း ဗုဒ္ဓဟူးနေ့က အစီရင်ခံထားတာကို ဖော်ပြထားပါတယ်။

ဘာရက်ဘိုင်အိုတက်ခ်နဲ့ DCGI တို့က ရိုက်တာရဲ့မေးမြန်းမှုများကို လတ်တလောမှာ ဖြေကြားခြင်းမရှိသေးပါဘူး။တိုင်းပြည်အတွင်း အိုမီခရွန်မျိုးဗီဇကွဲ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုမြင့်မားလာမှုကို ကြိုတင်ကာကွယ်တဲ့အနေနဲ့ အိန္ဒိယမှာ ခရစ္စမတ်ကာလက ကိုဗစ် booster အားမြှင့်ကာကွယ်ဆေးထိုးဖို့ အတည်ပြုလိုက်ပြီး ဇန်နဝါရီ ၁၀ ရက်နေ့ကစကာ ကျန်းမာရေးဝန်ထမ်းများနဲ့ ရှေ့တန်းမှလုပ်ကိုင်နေရတဲ့ဝန်ထမ်းများကို ထိုးပေးသွားမှာဖြစ်ပါတယ်။

ဘာရက်ဘိုင်အိုတက်ခ်ရဲ့ နှာခေါင်းအစက်ချကိုဗစ်ကာကွယ်ဆေး BBV154 ကို နိုင်ငံကအတည်ပြုခြင်း မရှိသေးပါဘူး။ဩဂုတ်လက BBV154 ရဲ့ အလယ်ပိုင်းအဆင့်နဲ့ နောက်ဆုံးအဆင့်စမ်းသပ်မှုတို့အတွက် ခွင့်ပြုချက်ရရှိခဲ့ပါတယ်။

အလယ်ပိုင်းအဆင့်စမ်းသပ်မှုတွေက ပြီးမြောက်သွားပြီဖြစ်ကြောင်း ဒေသတွင်းမီဒီယာတွေက ဖော်ပြခဲ့ကြပါတယ်။အိန္ဒိယနိုင်ငံရဲ့ ကိုဗစ်ကာကွယ်ဆေးထိုးနှံရေးအစီအစဉ်မှာ အိန္ဒိယနိုင်ငံထုတ်တွေဖြစ်တဲ့ ဆီရမ်အင်စတီကျုရဲ့ အက်စ်ထရာဇန်နီကာ ကိုဗစ်ကာကွယ်ဆေးနဲ့ ဘာရက်ဘိုင်အိုတက်ခ်ရဲ့ ကိုဗက်ဆင်း ကိုဗစ်ကာကွယ်ဆေးတို့ကို အဓိကအသုံးပြုလျက်ရှိပါတယ်။

အဆိုပါကာကွယ်ဆေးနှစ်မျိုးစလုံးက ဆေးထိုးအပ်ဖြင့် ထိုးနှံရတဲ့ဆေးတွေဖြစ်ပါတယ်။
ဗုဒ္ဓဟူးနေ့က နိုင်ငံအတွင်း ကိုဗစ်ရောဂါပိုးတွေ့ရှိသူ ၅၈,၀၉၇ ဦး ထပ်မံတွေ့ရှိခဲ့ရာ လွန်ခဲ့တဲ့ ၄ ရက်ကထက် ၂ ဆလောက် များပြားလာခဲ့ပြီး ကူးစက်ခံရသူစုစုပေါင်း ၃၅ သန်းကျော်ရှိသွားပြီဖြစ်ပါတယ်။


Source: CNA.