#World_Health
Published -  5 January 2022


အမေရိကန်နိုင်ငံမှာ ဇန်နဝါရီ ၄ ရက်နေ့က ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုပေါင်း ၁ သန်းနီးပါးရှိခဲ့ကာ တစ်ကမ္ဘာလုံးမှာ ကိုဗစ်ရောဂါ စံချိန်တင်ကူးစက်မှုဖြစ်ခဲ့ပါတယ်။ပြီးခဲ့တဲ့အပတ်က ကူးစက်မှုအမြင့်ဆုံးဖြစ်ခဲ့တဲ့ အရေအတွက်ထက် ၂ ဆနီးပါးမြင့်တက်လာတာဖြစ်ပြီး အိုမီခရွန်မျိုးဗီဇကွဲကူးစက်မှုတွေက လျော့ကျသွားမယ့်ပုံမပေါ်သေးပါဘူး။

ပြီးခဲ့တဲ့အပတ်က ဆေးရုံတက်ကုသမှုခံယူခဲ့ရတဲ့ ကိုဗစ်ရောဂါလူနာအရေအတွက် ၅၀ ရာခိုင်နှုန်းမြင့်တက်ခဲ့ကာ အခုအခါ အယောက် ၁ သိန်းကျော်သွားပြီဖြစ်ပြီး မနှစ်ကဆောင်းရာသီအတွင်း တွေ့ကြုံခဲ့ရတဲ့ ကိုဗစ်ရောဂါလှိုင်းအခြေအနေလိုမျိုး ထပ်မံရောက်ရှိလာပြီဖြစ်ကြောင်း ရိုက်တာရဲ့ဆန်းစစ်လေ့လာချက်မှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့အပတ်က အမေရိကန်မှာ နေ့စဉ်ကိုဗစ်ရောဂါကူးစက်သူ ၄၈၆,၀၀၀ ခန့်ရှိခဲ့ရာ ၇ ရက်အတွင်း ၂ ဆနီးပါးမြင့်တက်လာကာ အခြားနိုင်ငံတွေအားလုံးနဲ့နှိင်းယှဉ်ရင် အဆမတန်ပိုများလာခဲ့ပါတယ်။

စနေနေ့နဲ့ တနင်္ဂနွေနေ့တွေမှ ကူးစက်မှုအချို့ အပါအဝင် တနင်္လာနေ့မှာ ရောဂါပိုးတွေ့ရှိသူ ၉၇၈,၈၅၆ ဦးရှိခဲ့ပါတယ်။ဒီဇင်ဘာလမှ ဇန်နဝါရီလအစောပိုင်းအတွင်း အမေရိကန်မှာ ကိုဗစ်ရောဂါကြောင့် အသက်သေဆုံးမှုနှုန်းက ၁,၃၀၀ ခန့် ပုံမှန်ရှိနေပြီး ရောဂါပိုးကူးစက်မှုနှုန်း ဆေးရုံတက်ကုသခံယူမှုနှုန်းတွေနဲ့ယှဉ်ရင် အသက်သေဆုံးမှုနှုန်းက မြင့်တက်မလာတာကို တွေ့ရပါတယ်။

အိုမီခရွန်မျိုးဗီဇကွဲက အရင်မျိုးဗီဇကွဲတွေထက် ပိုမိုကူးစက်မြန်တဲ့သဘောရှိပါတယ်။
ဇန်နဝါရီ ၁ ရက်နေ့အထိ အမေရိကန်ပြည်ထောင်စုအတွင်း ကိုဗစ်ရောဂါကူးစက်အားလုံးရဲ့ ၉၅.၄ ရာခိုင်နှုန်းက အိုမီခရွန်ကြောင့်ဖြစ်မယ်လို့ ခန့်မှန်းရကြောင်း အမေရိကန်ရောဂါထိန်းချုပ်ကာကွယ်ရေးစင်တာ (CDC)က အင်္ဂါနေ့က ပြောကြားလိုက်ပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း WHO က အိုမီခရွန်မျိုးဗီဇကွဲကူးစက်မှုက ရောဂါပြင်းထန်စွာမဖြစ်တတ်ဘူးလို့ လေ့လာတွေ့ရှိထားပါတယ်။အိုမီခရွန်ကူးစက်မှုက အလွန်အရေအတွက်များပြားလာနိုင်ကာ ဆေးရုံတွေမှာ လူနာတွေပြည့်လျှံလာနိုင်ပြီး ကိုဗစ်ရောဂါလူနာတွေ အဓိကအားဖြင့် ကိုဗစ်ကာကွယ်ဆေးမထိုးရသေးတဲ့သူတွေမှာ ရောဂါထိန်းချုပ်ရခက်ခဲလာနိုင်ပါတယ်။

မယ်ရီလန်းပြည်နယ်အုပ်ချုပ်ရေးမှူး လယ်ရီဟိုဂန်က ရက် ၃၀ အရေးပေါ်အခြေအနေကို အင်္ဂါနေ့က ထုတ်ပြန်ကြေညာလိုက်ပါတယ်။ပြည်နယ်အတွင်း ကိုဗစ်ရောဂါကြောင့် ဆေးရုံတက်ကုသနေရသူ စံချိန်တင် ၃ ထောင်ကျော်သွားတာကြောင့် ကပ်ရောဂါတုန့်ပြန်ဆောင်ရွက်ချက်အနေနဲ့ အမျိုးသားလုံခြုံရေးအဖွဲ့ဝင် ၁ ထောင်ကို ခေါ်ယူထားရှိလိုက်ပါတယ်။

ဒါဟာ ပြီးခဲ့တဲ့ ၇ ပတ်ကထက် ၅၀၀ ရာခိုင်နှုန်းမြင့်တက်လာတယ်ဖြစ်ကြောင်း ဟိုဂန်က ပြောလိုက်ပါတယ်။ဒယ်လာဝဲ၊ အီလီနွိက်စ်၊ ဝါရှင်တန်ဒီစီ၊ အိုဟိုင်ယိုတိုမှာလည်း အခုရက်ပိုင်းအတွင်း ဆေးရုံတက်ကုသခံယူမှုတွေ စံချိန်တင်များပြားခဲ့ပါတယ်။
နိုဝင်ဘာလက အိုမီခရွန်ကိုစတင်တွေ့ရှိခဲ့တဲ့ တောင်အာဖရိကမှာ ကူးစက်မှုအမြင့်ဆုံးရောက်ခဲ့ပြီး လျင်လျင်မြန်မြန်ပြန်ကျသွားခဲ့တဲ့ အခြေအနေကြောင့် မျှော်လင့်ချက်ရှိနေသေးကြောင်း ဖော်ချီက ပြောကြားလိုက်ပါတယ်။

အမေရိကန်မှာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၅ ရက်မှ ၁၁ ရက်နေ့အတွင်း နေ့စဉ်ကိုဗစ်ရောဂါကူးစက်မှု ၂၅၈,၀၀၀ ဦးရှိခဲ့ပါတယ်။တိုင်းပြည်ရဲ့ အဓိကဝန်ဆောင်မှုကဏ္ဍတွေကို မထိခိုက်စေဘဲ ပြည်သူလူထုရဲ့ကျန်းမာရေးကို အလုံအလောက်ကာကွယ်ပေးနိုင်ဖို့ တာဝန်ရှိသူများကလည်း ကြိုးစားရုန်းကန်နေကြပါတယ်။
Source: CNA