#WorldHealth

Published 05 January 2022

 

ကိုဗစ်ကပ်ရောဂါကာလအတွင်း လက်ရှိကိုဗစ်ကာကွယ်ဆေးတွေနဲ့မတိုးတော့တဲ့ ကိုရိုနာဗိုင်းရပ်စ်မျိုးဗီဇကွဲအသစ်တွေ ပေါ်ထွက်လာနိုင်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ဗုဒ္ဓဟူးနေ့က သတိပေးလိုက်ပါတယ်။"ကိုဗစ်ကပ်ရောဂါကြာလာတာနဲ့အမျှ ကိုရိုနာမျိုးဗီဇကွဲအသစ်တွေက လက်ရှိကာကွယ်ဆေးတွေကို ခံနိုင်ရည်ရှိလာမှာဖြစ်တာကြောင့် ကာကွယ်ဆေးတွေကို အလိုက်သင့်ပြင်ဆင်ထုတ်လုပ်ဖို့ လိုအပ်ပါတယ်" လို့ WHO ညွှန်ကြားရေးမှူးချုပ် တက်ဒရိုစ်အက်ဒနွန်ဂက်ဘရီယဲဆက်က ဂျီနီဗာကမီဒီယာရှင်းလင်းပွဲမှာ ပြောကြားသွားပါတယ်။

 

အမေရိကန်အပါအဝင် နိုင်ငံအများစုမှာ ကိုဗစ်ကူးစက်မှုစံချိန်တင် မြင့်တက်နေပြီလို့ တက်ဒရိုစ်က သတိပေးလိုက်ပါတယ်။WHO က ကိုဗစ်ရောဂါကို ကမ္ဘာ့ကပ်ရောဂါအဖြစ်ကြေညာခဲ့တာ ၂၁ လကျော်ရှိပြီဖြစ်ပြီး အခုနောက်ဆုံးရောဂါလှိုင်းကတော့ အလွန်ကူးစက်မြန်တဲ့ အိုမီခရွန်မျိုးဗီဇကွဲ ကူးစက်မှုတွေ ဖြစ်ပွားနေပါတယ်။

 

တစ်ကမ္ဘာလုံးအတိုင်းအတာအရ ထောက်ပံ့ရေးပစ္စည်းတွေ၊ ကိုဗစ်ကာကွယ်ဆေးနဲ့ အခြားအရေးကြီးတဲ့ ကျန်းမာရေးပစ္စည်းတွေ ရရှိဖို့အတွက် ကမ္ဘာ့နိုင်ငံများအနေနဲ့ ပူးပေါင်းလုပ်ဆောင်သင့်ကြောင်း တက်ဒရိုစ်က မကြာခဏတောင်းဆိုလျက်ရှိပါတယ်။

 

အချို့နိုင်ငံခေါင်းဆောင်တွေက တိုင်းပြည်ရှေ့ဆက်သွားဖို့ ကိုဗစ်ကန့်သတ်ချက်တွေဖြေလျှော့ခြင်းပြုလုပ်လျက်ရှိပြီး ကိုရိုနာမျိုးဗီဇကွဲအသစ်တွေ ပေါ်ပေါက်လာအောင် အခြေအနေတွေပြုလုပ်နေတယ်လို့ ဝေဖန်လိုက်ပါတယ်။

 

"လူအနည်းစုကဖြန့်လိုက်တဲ့ သတင်းမှားတွေ မဟုတ်မမှန်တဲ့သတင်းတွေက လူ့အသက်တွေကို ကယ်ဆယ်နေတဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေနဲ့ သိပ္ပံပညာအပေါ် ယုံကြည်မှုတွေကို ပျက်ပြားစေပါတယ်" လို့ တက်ဒရိုစ်က ဆိုပါတယ်။

 

ဥရောပနဲ့ ကမ္ဘာတဝန်းရှိနိုင်ငံတွေက များပြားလှတဲ့ကိုဗစ်ကူးစက်မှုတွေကို ကြည့်လိုက်ရင် သတင်းမှားတွေကြောင့် ကိုဗစ်ကာကွယ်ဆေးထိုးဖို့ တုံ့ဆိုင်းနေကြပြီး ကာကွယ်ဆေးမထိုးရဘဲ ရောဂါကူးစက်သေဆုံးနေကြရပါတယ်။ဖိုင်ဇာ-ဘိုင်အိုတက်ခ် ကိုဗစ်ကာကွယ်ဆေးတွေက အိုမီခရွန်ကူးစက်မှုကြောင့် ရောဂါပြင်းထန်စွာဖြစ်ပွားမှုကို ကာကွယ်ပေးနိုင်ပေမယ့် အိုမီခရွန်ရောဂါပိုးကူးစက်မှုကိုတော့ မကာကွယ်ပေးနိုင်ပါဘူး။

 

booster အားမြှင့်ကာကွယ်ဆေးထိုးခြင်းကတော့ အိုမီခရွန်ကြောင့်ဖြစ်တတ်တဲ့ ရောဂါလက္ခဏာတွေကို ထိထိရောက်ရောက်ကာကွယ်ပေးနိုင်ပါတယ်။ကာကွယ်ဆေးမတိုးတဲ့ မျိုးဗီဇကွဲအသစ်တစ်ခု ပေါ်ပေါက်လာရင် ကာကွယ်ဆေးတွေကို ပြင်ဆင်ထုတ်လုပ်ရတဲ့အတွက် ကုန်ကြမ်းပစ္စည်းပြတ်လပ်မှု ဖြစ်ပေါ်နိုင်ကြောင်း တက်ဒရိုစ်က ဗုဒ္ဓဟူးနေ့က သတိပေးလိုက်ပါတယ်။

 

အဲဒီလိုပစ္စည်းတွေမပြတ်ခင်မှာ နိုင်ငံတွေအနေနဲ့ ကိုဗစ်ကာကွယ်ဆေးထုတ်လုပ်ဖို့ ဒေသထွက်ကုန်ကြမ်းပစ္စည်းတွေကို ပြင်ဆင်ထုတ်လုပ်ထားဖို့အရေးကြီးပါတယ်။ပြင်ဆင်မှုတွေ မလုပ်ထားဘူးဆိုရင် ဒီဗိုင်းရပ်စ်က ကျန်းမားရေးစနစ်ကို အန္တရာယ်ခြိမ်းခြောက်လာမှာဖြစ်ပြီး ဒယ်လ်တာကူးစက်နေချိန်မှာပဲ ပိုမိုကူးစက်မြန်တဲ့အိုမီခရွန်ကလည်း ကူးစက်မှုလှိုင်းတွေ ဖြစ်ပေါ်လာစေမှာစိုးရိမ်ရကြောင်း တက်ဒရိုစ်က ပြောပါတယ်။

 

ကာကွယ်ဆေးထုတ်လုပ်ရေးတွေက လက်ရှိမှာတိုးတက်လာပေမယ့် ချမ်းသာတဲ့နိုင်ငံတွေမှာ booster အားမြှင့်ကာကွယ်ဆေးတွေ ထိုးနှံနေကြတာကြောင့် ဆင်းရဲတဲ့တိုင်းပြည်တွေမှာ ကာကွယ်ဆေးရရှိဖို့ ခက်ခဲလာပြီး ဒီလိုမညီမျှမှုတွေကြောင့် ကပ်ရောဂါ ပိုမိုကြာရှည်နေမှာဖြစ်ကြောင်းလည်း ပြောသွားပါတယ်။

 

ကျန်းမာရေးအခြေအနေတွေက ဒီလိုအန္တရာယ်တွေရှိနေပေမယ့်လည်း ရောဂါပြင်းထန်မှုက ၂၀၂၂ မှာ အဆုံးသတ်သွားမယ်လို့ ယူဆသွားပါတယ်။

Source: CNBC.

#Yangon_Meida_Group