Published 15 July 2021
တိုကျို-
ဂျပန်နိုင်ငံတိုကျိုမြို့က ဘရာဇီးအိုလံပစ်အဖွဲ့ဒါဇင်ကျော်တည်းခိုနေတဲ့ ဟိုတယ်တစ်ခုမှာ ကိုဗစ်ကူးစက်မှုအတွဲကြီး ဖြစ်လာတဲ့အတွက် တိုကျိုအိုလံပစ်အားကစားပွဲတော်အပေါ် စိုးရိမ်ပူပန်မှုတွေမြင့်တက်လာနေပါတယ်။ ဂျပန်နိုင်ငံတိုကျိုမြို့မှာ လွန်ခဲ့တဲ့ခြောက်လအတွင်းယှဉ်ရင်ပိုးတွေ့သူအမြင့်ဆုံးဖြစ်လာနေတဲ့အချိန်လည်းဖြစ်ပါတယ်။
ဖွင့်ပွဲမကျင်းပခင် တစ်ပတ်အလိုမှာ ယခုလိုကူးစက်မှုတွေတွေ့ရတာဟာ ကပ်ရောဂါကာလမှာ ပွဲကြည့်ပရိသတ်မပါဘဲ ပွဲတွေကျင်းပတာတောင် အန္တရာယ်မကင်းနိုင်ဘူးဆိုတဲ့သဘောဖြစ်ပါတယ်။
တိုကျိုအနောက်တောင်ပိုင်းက ဟမ်မမက်ဆုမြို့ရဲ့ ဟိုတယ်တစ်ခုက သူတို့ရဲ့ဝန်ထမ်း(၇)ဦးထံမှာ ကိုဗစ်-၁၉ပိုးတွေ့ခဲ့တယ်လို့ မြို့အရာရှိတစ်ဦးကပြောပါတယ်။
ဒါပေမယ့် ဂျုဒိုအားကစားသမားတွေအပါအဝင် ဘရာဇီးအိုလံပစ်အဖွဲ့၃၁ဦးကတော့ အခြားဧည့်သည်တွေနှင့်အတူမဟုတ်ဘဲ သီးသန့်နေထိုင်ကြတာဖြစ်ပြီး သူတို့ကူးစက်မခံရပါဘူးလို့ပြောပါတယ်။
အလားတူပဲ ရုရှားအမျိုးသမီး ရပ်ဘီဆဲဗင်းအသင်းဟာလည်း သူတို့ရဲ့ အနှိပ်သည်ဆီမှာ ကိုဗစ်ပိုးတွေ့တဲ့အတွက် သီးသန့်ခွဲပြီးနေထိုင်နေရပါတယ်လို့ အာရ်အိုင်အေသတင်းအေဂျင်စီက မော်စကိုကနေ သတင်းပေးပို့ထားပါတယ်။
တောင်အာဖရိက အမျိုးသားရပ်ဘီအသင်းကလည်း အလားတူပါပဲ သူတို့စီးလာတဲ့ ပြည်တွင်းလေကြောင်းခရီးစဉ် တစ်ခုမှာ ကူးစက်မှုတွေ့ခဲ့တဲ့အတွက် သီးသန့်ခွဲနေထိုင်နေကြရတာဖြစ်ပါတယ်။
အိုလံပစ်အရာရှိတွေက ကိုဗစ်-၁၉ကာကွယ်ဖို့ လူတွေကို အစုလိုက်တွေခွဲထားခဲ့ပါတယ်။ ကျန်းမာရေးပညာရှင်တွေကတော့ ဝန်ထမ်းတွေက အားကစားပွဲအတွက် ဝန်ဆောင်မှုတွေပေးတဲ့ သွားလာမှုတွေကြောင့် လုံးဝတင်းကြပ်တာမျိုးမဖြစ်ဘဲ ကူးစက်ဖို့အခွင့်အလမ်းတွေရှိနိုင်တယ်လို့ဆိုနေကြပါတယ်။