Published 15 July 2021
ဗြိတိန်မြို့စားကတော် မေဂန်က နက်ဖလစ်ရုပ်သံပလက်ဖောင်း(Netflix Streaming Platform) ကနေ မိသားစုကြည့်ဖို့ ကာတွန်းရုပ်သံဇာတ်လမ်းတွဲတစ်ခု ဖန်တီးခဲ့ပြီး အဲဒီရုပ်သံဇာတ်လမ်းတွဲကို မေဂန်က အမှုဆောင်ထုတ်လုပ်ရေးမှူးအဖြစ် ဆောင်ရွက်ခဲ့တယ်လို့ သူမရဲ့ထုတ်လုပ်ရေးကုမ္ပဏီက ပြောပါတယ်။
အာချ်ဝဲလ်ထုတ်လုပ်ရေးလို့အမည်ပေးထားတဲ့ အဆိုပါထုတ်လုပ်ရေးကုမ္ပဏီကို မေဂန်နှင့်သူ့ခင်ပွန်းတော်ဝင်မင်းသားဟယ်ရီ တို့တည်ထောင်ထားတာပါ။ အဲဒီဇာတ်လမ်းတွဲထဲမှာ အသက်၁၂နှစ်အရွယ်မိန်းကလေးတစ်ဦးရဲ့စွန့်စားခန်းတွေကို ဗဟိုပြု တင်ဆက်ထားတာဖြစ်ပါတယ်။အဲဒီမိန်းကလေးဟာ ဇာတ်လမ်းထဲမှာ သမိုင်းထဲက ဩဇာကြီးမားတဲ့ အမျိုးသမီးတွေတော် တော်များများကို လေးစားအားကျတဲ့သူကလေးဖြစ်ပါတယ်။
အဲဒီရုပ်သံဇာတ်လမ်းတွဲကို “ပုလဲ” လို့အမည်ပေးထားပါတယ်။နက်ဖလစ်နှင့် ယခင်ဆတ်ဆက်မြို့စားနှင့် မြို့စားကတော်ဖြစ်ခဲ့တဲ့ ဗြိတိန်လင်မယား ဟယ်ရီနှင့်မေဂန်တို့ က ပူးတွဲကြေညာမှာဖြစ်ပါတယ်။ သူတို့ဟာ သူတို့ရဲ့တော်ဝင်နန်းတွင်းတာဝန်တွေကို မနှစ်က တရားဝင်စွန့်လွှတ်ခဲ့ကြပြီးနောက် ဒီလုပ်ငန်းစခဲ့ကြတာပါ။အဲဒီနောက် သူတို့ဟာ ကာလီဖိုးနီးယား ကိုပြောင်းရွှေ့နေထိုင်နေကြပါတယ်။
“ သူ့လိုအသက်အရွယ်ရှိတဲ့မိန်းကေလးတော်တာ်များများလိုပဲ ကျွန်မတို့ရဲ သူရဲကောင်းမလေး ပုလဲဟာ နေ့စဉ်ဘဝတွေရဲ့ စိန်ခေါ်မှုတွေကို ကျော်လွှားဖို့ကြိုးစားရင်း မိမိကိုယ်မိမိရှာဖွေတွေ့ရှိတဲ့ခရီးကိုနှင်နေသူပါ” လို့ မေဂန်က သတင်းထုတ်ပြန် ချက်ထဲမှာဖော်ပြထားပါတယ်။
“ အာ့ချ်ဝဲလ်ထုတ်လုပ်ရေးဟာ အင်မတန်အင်အားကြီးမားတဲ့ နက်ဖလစ်နှင့်လက်တွဲပြီး ထူးချွန်လှတဲ့ထုတ်လုပ်ရေးမှူးတွေနှင့် အတူ သမိုင်းတစ်လျောက်မှာ ထူးချွန်ထက်မြက်တဲ့ အမျိုးသမီးတွေကို ဂုဏ်ပြုတဲ့ ဒီကာတွန်းရုပ်ရှင်ဇာတ်လမ်းတွဲအသစ်ကို ယူဆောင်ပေးရတဲ့အတွက် ကျွန်မရင်တွေဖိုမိနေပါတယ်” လို့ မေဂန်ကဆက်ပြောပါတယ်။
ဒီဇာတ်လမ်းတွဲဘယ်တော့ပြမလဲဆိုတာတော့ မသိရသေးပါဘူး။
မေဂန်ဟာ ဒီရုပ်သံဇာတ်လမ်းတွဲကို ဗြိတိန်အဆိုတော် အဲလ်တန်ဂျွန်ရဲ့ခင်ပွန်းဖြစ်သူ ဒေးဗစ်ဖာနစ်ရှ်နှင့်အတူ အမှုဆောင်ထုတ်လုပ်ရေးမှူးအဖြစ်တာဝန်ယူဖန်တီးခဲ့တာပါ။ဂျွန်ဟာ သူတို့လင်မယားနှစ်ယောက်စလုံးရဲ့ အရင်းနှီးဆုံးမိတ်ဆွေဖြစ်ပြီး ၂၀၁၈ခုနှစ်သူတို့လက်ထပ်ပွဲတုန်းက တက်ရောက်ဖျော်ဖြေပေးခဲ့တယ်လို့လည်း သတင်းထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
Ref: Reuters