Published 17 December 2023 

 
ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ်ကို အသုံးချပြီး ကင်ဆာဆဲလ်တွေကို တိုက်ဖျက်ပေးတဲ့ ကုသနည်းတစ်မျိုးရဲ့ ထိရောက်မှုကို သိသိသာသာ တိုးတက်စေမယ့် ရှာဖွေတွေ့ရှိချက်ကို အိန္ဒိယသိပ္ပံအဖွဲ့အစည်းမှ သုတေသီများ ဖော်ထုတ်နိုင်ခဲ့ပါတယ်။ 
 
ရောဂါတွေကို တုန့်ပြန်တိုက်ခိုက်ရာမှာ အရေးပါတဲ့ ဆိုက်တိုကိုင်းတစ်ခုဖြစ်တဲ့ အင်တာဖရွန်ဂမ်မာရဲ့ အကြောင်းကို ထဲထဲဝင်ဝင် လေ့လာခဲ့ကြတာ ဖြစ်ပါတယ်။ 
 
ကိုယ်ခံအားစနစ်ဖြင့် ကင်ဆာကုသတဲ့နည်းလမ်းဟာ ကျန်းမာတဲ့ ဆဲလ်တွေကိုပါ ထိခိုက်စေတဲ့ ဓာတုကုထုံး၊ ဓာတ်ရောင်ခြည်ကုထုံးတို့ထက် ပိုပြီး တိကျထိရောက်မှုရှိရန် မျှော်လင့်လာနိုင်ပါတယ်။ 
 
ဒါပေမဲ့ ဒီကုထုံးတွေရဲ့ ကုန်ကျစရိတ်နဲ့ ထိရောက်မှုကွဲပြားနိုင်ခြင်းတို့က ပြဿနာဖြစ်နေပါတယ်။ 
 
အမျိုးမျိုးသော ကင်ဆာဆဲလ်တွေက အင်တာဖရွန်ဂမ်မာကို ဘယ်လိုတုန့်ပြန်လဲဆိုတဲ့အပေါ် လေ့လာပြီး ဒီပြဿနာတွေကို ဖြေရှင်းဖို့ ရည်ရွယ်ထားပါတယ်။ 
 
အင်တာဖရွန်ဂမ်မာ ချို့ယွင်းတာမျိုး၊ အလုပ်မလုပ်တာမျိုးဆိုရင် ကင်ဆာဆဲလ်တွေက ဒီကုထုံးနဲ့ အလုပ်မဖြစ်တော့ဘူးလို့ အိန္ဒိယသိပ္ပံတက္ကသိုလ် ဇီဝဓာတုဌာနမှ အေဗစ်ချက်တိုပက်ဒယေက ပြောပြသွားပါတယ်။ 
 
အသည်းနဲ့ ကျောက်ကပ်ကင်ဆာဆဲလ်တွေဟာ အင်တာဖရွန်ဂမ်မာက လှုံ့ဆော်လိုက်တဲ့အခါ နိုက်ထရစ်အောက်ဆိုဒ်နဲ့ လက်တစ်အက်ဆစ်တို့ ထုတ်လုပ်ပေးပြီး ဆဲလ်ကိုပျက်စီးစေပါတယ်။ 
 
အူမကြီးနဲ့ အရေပြားကင်ဆာဆဲလ်တွေကတော့ ဒီလိုမတုန့်ပြန်ဘဲ ကိုယ်ခံအားစနစ်ကုထုံးကို ခံနိုင်ရည်ရှိနိုင်ပါတယ်။
 
ဒီအတွက် လက်တစ်အက်ဆစ်နဲ့ နိုက်ထရစ်အောက်ဆိုဒ် ရရှိအောင် ပိုတက်ဆီယမ်လက်တိတ် ထည့်ပေးခြင်းက ဖြေရှင်းနည်းလမ်း ဖြစ်လာနိုင်ပြီး မပျက်စီးနိုင်တဲ့ ကင်ဆာဆဲလ်များ ကြီးထွားခြင်းကို သိသိသာသာ လျှော့ချနိုင်ဖွယ် ရှိပါတယ်။ 
 
ကုသရခက်တဲ့ ကင်ဆာတွေမှာ အင်တာဖရွန်ဂမ်မာရဲ့ ထိရောက်မှုတွေကို မြှင့်တင်နိုင်မလားဆိုတာ တိရိစ္ဆာန်တွေနဲ့ စမ်းသပ်သွားရဦးမယ်လို့ ပရော်ဖက်ဆာ ဒီပန်ကာနန်ဒီက ပြောပြသွားပါတယ်။ 
Source: India Today. 
#World_Health
#Yangon_Media_Group
#YMG_News #Yangon_Times