၁၉ နိုဝင်ဘာ ၂၀၂၃

ရီပတ်ဗလီကင်ပါတီရဲ့ သမ္မတလောင်းအဖြစ် ထိပ်ဆုံးမှာပြေးနေတဲ့ ဒေါ်နယ်ထရမ့်က သူသာ ၂၀၂၄ခုနှစ် ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ပြီး အိမ်ဖြူတော်ပြန်ရောက်ရင် သမ္မတဂျိုးဘိုင်ဒင်ရဲ့ ခရီးရောက်နေတဲ့ အာရှပစိဖိတ် ကုန်သွယ်ရေးကတိကဝတ်ကို အဆုံးသတ်ပစ်မယ်လို့ ပြောကြားလိုက်ပါတယ်။

အိုင်အိုဝါမှာ ထရမ့်က သတင်းထောက်တွေကို ပြောကြားရာမှာ  နိုင်ငံပေါင်း ၁၃နိုင်ငံနှင့် ဆက်စပ်ဆောင်ရွက်နေတဲ့ ဘိုင်ဒင်အစိုးရက စေ့စပ်ညှိနှိုင်းဆောင်ရွက်နေတဲ့ ဒေသဆိုင်ရာကုန်သွယ်ရေး ကတိကဝတ်ကို ဆန့်ကျင်တယ် လို့ ဆိုလိုက်ပါတယ်။ အဲဒါဟာ အမေရိကန်ရဲ့ ကုန်ထုတ်မှုကို ဟောင်းလောင်းဖြစ်စေပြီး အလုပ်လက်မဲ့တွေလည်း များပြားလာလိမ့်မယ်လို့ ထရမ့်က စောဒကတက်လိုက်ပါတယ်။

ထရမ့်ပြောတဲ့  အင်ဒိုပစိဖိတ်စီးပွားရေးမူဘောင် (IPEF) ဟာ တရုတ်ရဲ့ တိုးပွားလာနေတဲ့ ကုန်သွယ်ရေးဩဇာကို တန်ပြန်တဲ့ အခြားနည်းလမ်းတစ်ခုဖြစ်ပါတယ်။ အဲဒီအဖွဲ့ဟာ မကြာသေးမီက အဖွဲ့ရဲ့ကုန်သွယ်ရေးကဏ္ဍခွဲ ဆွေးနွေးမှုတွေလုပ်ခဲ့ပြီး ဗီယက်နမ်နှင့် အင်ဒိုနီးရှားအပါအဝင် အချို့သော နိုင်ငံတွေက အလုပ်သမားနှင့် ပတ်ဝန်းကျင်ဆိုင်ရာ စံနှုန်းတွေအင်အားကောင်းကောင်းလုပ်ဖို့ ငြင်းဆိုခဲ့ကြလို့ အခြေယိုင်မလိုဖြစ်ခဲ့ရပါတယ်။

ဘိုင်ဒင်က အဆိုပါ IPEF ကို ထရမ့်လက်ထက်ကဖျက်ခဲ့တဲ့ TPP အစီအစဉ်အမှတ်၂ 'TPP Two' အဖြစ် သတ်မှတ်ထားပါတယ်။

“ နောက်အစိုးရလက်ထက်ကြရင် ဘိုင်ဒင်စီစဉ်တဲ့ 'TPP Two' ကို အစိုးရသစ်ရဲ့ပထမနေ့မှာပဲ နိဂုံးချုပ်ပစ်လိုက် မယ်” လို့ ထရမ့်က ဖော့တ်ဒေါ့ချ်မှာပြုလုပ်တဲ့ မဲဆွယ်စည်းရုံးပွဲတစ်ခုမှာ ပြောပါတယ်။

“ အခုဟာက ပထမဟာထက်တောင်ဆိုးသေးတယ်။ လယ်သမားတွေနှင့်ကုန်ထုတ်လုပ်သူတွေက အခြား အင်နှင့် အားနှင့်ကြောက်စရာကောင်းတာတွေက အမှုန့်ချေပစ်ပြီး အာရှကို လုပ်ငန်းတွေခွဲလုပ်ပေးဖို့ အရှိန်မြှင့်ပေးသလို ခြိမ်းခြောက်နေတယ်” လို့ ထရမ့်ကပြောပါတယ်။

ဘိုင်ဒင်အစိုးရက ယခုအာရှပစိဖိတ်စီးပွားရေးပူးပေါင်းဆောင်ရွက်ရေး(အေပက်)ရဲ့ အစည်းအဝေးမှာ IPEF ရဲ့ အဓိက အခန်းတွေကို အပြီးသတ်ဖို့မျှော်လင့်ထားခဲ့တာဖြစ်ပါတယ်။ဆက်ပြီးညှိနှိုင်းကြဖို့လောက်တော့ သဘောတူခဲ့ကြပေမယ့် ရွေးကောက်ပွဲဖိအားနှင့် အချို့သော နိုင်ငံတွေက ပြင်းထန်တဲ့ကတိကဝတ်တွေအပေါ် ဆန့်ကျင်နေကြတာတွေကြောင့် အပေးအယူက ဖြစ်နိုင်မယ့်ပုံမပေါ်ဘူးလို့ သုံးသပ်သူတွေက ပြောဆိုနေကြပါတယ်။

Source Reuters

-ymg/knl