Published 20 November 2023

၂၀၂၂ ခုနှစ်တုန်းက အလင်းနှစ်ဘီလျံချီ ဝေးကွာတဲ့နေရာမှာ စူးရှတောက်ပတဲ့ကြယ်တစ်ခု ပြင်းထန်စွာပေါက်ကွဲခဲ့ပြီး ကမ္ဘာမြေရဲ့ အိုဇုန်းလွှာအချို့ကို ခေတ္တမျှပျက်စီးစေခဲ့တယ်လို့ သိပ္ပံပညာရှင်များ တွေ့ရှိခဲ့ကြပါတယ်။

၂၀၂၂ အောက်တိုဘာ ၉ ရက်နေ့က စွမ်းအားမြင့်ဖိုတွန်တွေ ကမ္ဘာမြေသို့ ရွေ့လျားလာတာကို တယ်လီစကုပ်များဖြင့် ဖမ်းယူရရှိခဲ့ပါတယ်။

ဒါဟာ စူးရှတောက်ပတဲ့ ကြယ်တစ်ခု အလင်းနှစ် ၁.၉ ဘီလျံအကွာမှာ ပေါက်ကွဲခဲ့တယ်ဆိုတဲ့ အထောက်အထား ဖြစ်ပါတယ်။

ဒါမျိုးကို ဂမ်မာရောင်ခြည် ပေါက်ကွဲမှုလို့ ခေါ်နိုင်ပြီး အတောက်ပဆုံး ပေါက်ကွဲမှုလို့ နက္ခတ္တပညာရှင်များက လေ့လာသတ်မှတ်ခဲ့ပါတယ်။

ထိုပေါက်ကွဲမှုကြောင့် ကမ္ဘာ့လေထု အပေါ်ယံလွှာရှိ အိုင်းယွန်းအမှုန်များ သိသာစွာ ပြောင်းလဲသွားပြီး အန္တရာယ်ပြု ဆိုလာရောင်ခြည်များကို စုပ်ယူပေးတဲ့ အိုဇုန်းမော်လီကျူးတွေလည်း ပါဝင်ပါတယ်။

ပျက်စီးမှုက မိနစ်ပိုင်းမျှသာ ဖြစ်သွားပြီး အိုဇုန်းလွှာက သူ့အလိုလို ပြန်လည်ပြုပြင်သွားတာကြောင့် ကြီးကြီးမားမား မဖြစ်ခဲ့ပေမယ့် ထိုကဲ့သို့ပေါက်ကွဲမှုက ကမ္ဘာမြေနဲ့ နီးကပ်စွာပေါက်ကွဲခဲ့ရင် ကပ်ဆိုးကြီး ဖြစ်လာနိုင်ပါတယ်လို့ ရောမမြို့ နက္ခတ္တရူပ အမျိုးသားတက္ကသိုလ်မှ ဒေါက်တာ ပီယက်ထရိုအူဘာတီနီက ပြောပြသွားပါတယ်။

ကြယ်ပေါက်ကွဲမှုကြောင့် လေထုအပေါ်လွှာတစ်ခုလုံး ထိခိုက်သွားပုံကို သိပ္ပံပညာရှင်များ ပထမဆုံးအနေဖြင့် သက်သေပြနိုင်ခဲ့တာ ဖြစ်တယ်လို့ ဥရောပအာကာသအေဂျင်စီမှ ဆိုလာရူပဗေဒပညာရှင် လော်ရာဟိုင်းယက်စ်က ပြောပြခဲ့ပါတယ်။

ဂမ်မာရောင်ခြည် ပေါက်ကွဲမှုက ကံကောင်းစွာဖြင့် အလွန်ဝေးကွာခဲ့တာကြောင့် ဘေးအန္တရာယ်ဆိုတာထက် သိပ္ပံပညာရှင်များအတွက် စူးစမ်းစရာ ဖြစ်ခဲ့ပါတယ်။

ပေါက်ကွဲမှုသာ ဒီထက် အဆမတန်ပြင်းထန်ပါက အိုဇုန်းလွှာကို ပျက်စီးစေပြီး ရက်တွေလတွေ ကြာတဲ့တိုင်အောင် ရှိနေမှာ ဖြစ်ပါတယ်။
Source: WION.
#World_Science
#YMG_News #Yangon_Times #Yangon_Media_Group