Published 09 October 2023

စမတ်ဖုန်းတွေ၊ တက်ဘလက်တွေ ခေတ်စားလာတဲ့ကာလမှာ ထိုပစ္စည်းတွေကို အသုံးမပြုရ မနေနိုင်အောင် စွဲလမ်းလာပြီး လက်ချောင်းတောင့်တဲ့ အခြေအနေ ဖြစ်လာတတ်ပါတယ်။

ကမ္ဘာ့လူဦးရေရဲ့ ၂ ရာခိုင်နှုန်းလောက်မှာ ထိုလက္ခဏာရှိနေမယ်လို့ ခန့်မှန်းရပါတယ်။

 ယခင်က သွက်လက်လှုပ်ရှားနိုင်ခဲ့တဲ့ လက်ချောင်းတွေဟာ အခုအခါမှာ ကွေးတဲ့ပုံစံအတိုင်း ရှိနေပြီး လှုပ်ရှားရင်လည်း အသံမြည်တတ်ပါတယ်။

ဒါဟာ ဒီဂျစ်တယ်ပစ္စည်းတွေပေါ်မှာ ကြိမ်ဖန်များစွာ လက်နှိပ်အသုံးပြုရတဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေ ဖြစ်ပါတယ်။

လက်ချောင်းတွေကို ကွေးတဲ့ ဆန့်တဲ့အချိန်မှာ ကပ်နေတဲ့ခံစားမှုမျိုး ဖြစ်ပြီး တောင့်တင်းမှုအပြင် နာကျင်ခြင်းလည်း ခံစားရတတ်ပါတယ်။

လက်ချောင်းကပ်တဲ့ လက္ခဏာတွေက ဒီဂျစ်တယ်ပစ္စည်းများကို ဘယ်လောက်ကြာကြာ သုံးစွဲသလဲဆိုတဲ့အပေါ် မူတည်ပြီး ပြင်းထန်နိုင်ပါတယ်။

အဖြစ်များတဲ့လက္ခဏာတွေက မနက်ခင်းမှာ လက်ချောင်းများ တောင့်တင်းခြင်း၊ လက်ချောင်းလှုပ်ရှားတဲ့အခါ အသံမြည်သလို ခံစားရခြင်း၊ လက်ချောင်းရင်းမှာ အဖုဖြစ်သလို ခံစားမိခြင်း၊ လက်မကွေးနေတဲ့ အနေအထားမှာ စွဲကပ်နေခြင်း၊ အချိန်အတော်ကြာတဲ့အထိ လက်ချောင်းကွေးလျက် ရှိနေခြင်းတို့ ဖြစ်ပါတယ်။

ဖုန်းကို အချိန်ကြာမြင့်စွာ အသုံးပြုနေပါက လက်ချောင်းအရွတ်တွေမှာ ဖိအားသက်ရောက်လာကာ ရောင်ရမ်းခြင်း ဖြစ်ပေါ်လာကြောင်း Sir HN Reliance ဖောင်ဒေးရှင်းဆေးရုံနဲ့ သုတေသနစင်တာမှ ဒေါက်တာ ဆူနေးလ်ရာ့ဂျ်ပယ်လ်က IndiaToday ထံ ပြောကြားခဲ့ပါတယ်။

အရွတ်နားတဝိုက်မှာ အကာအကွယ်ပေးတဲ့ အလွှာတွေက အရွတ်တွေ စိတ်ကြိုက်လှုပ်ရှားနိုင်အောင် ပြုလုပ်ပေးပြီး ရောင်ရမ်းလာတဲ့အခါမှာ အရွတ်နဲ့ အကာကွယ်ပေးတဲ့ အလွှာတွေကို ထိခိုက်စေပါတယ်။

လက်ချောင်းကို ကွေးဆန့်ကြည့်တဲ့အခါ အရွတ်တွေက ရောင်ရမ်းကြီးထွားနေတာကြောင့် လှုပ်ရှားဖို့နေရာ နည်းပါးသွားပြီး ကျွတ်ခနဲမြည်သံလို ခံစားမှုမျိုး ရရှိတာဖြစ်ပါတယ်။

အဆစ်အမြစ်ရောင်ခြင်း၊ ဆီးချိုရောဂါတို့ကြောင့်လည်း လက်ချောင်းတောင့်ခြင်းမျိုး ဖြစ်တတ်ပါတယ်။

လက်ချောင်းနဲ့ လက်မတွေကို ပြင်းထန်စွာ အသုံးပြုရတဲ့ တောင်သူလယ်သမားတွေ၊ စက်မှုလုပ်သားတွေ၊ ဂီတပညာရှင်တွေမှာ အဖြစ်များပါတယ်။

ဆရာဝန်များမှ ညွှန်ကြားပေးတဲ့ နည်းလမ်းများအတိုင်း လက်ချောင်းလေ့ကျင့်ခန်းများ ပြုလုပ်ပြီး သက်သာစေနိုင်ပါတယ်။

လက်ချောင်းတွေကို အနားပေးဖို့နဲ့ ပြင်းထန်တဲ့ အခြေအနေတွေမှာ စတီးရွိုက်ထိုးဖို့လည်း ပညာရှင်များက အကြံပြုထားပါတယ်။
Source: India Today
#World_Health
#YMG #Yangon_Times #Yangon_Media_Group