Published 09 October 2023 

 
အစ္စရေးလ်နိုင်ငံမှာ သွေးလွန်တုပ်ကွေးရောဂါ ဆက်လက်ဖြစ်ပွားမှုများမှ ကာကွယ်ရန် ခြင်မျိုးစိတ်တစ်ခုကို ထိန်းချုပ်နိုင်ဖို့ ပတ်ဝန်းကျင် ကာကွယ်ရေးဝန်ကြီးဌာနက အဆင့်ဆင့် ဆောင်ရွက်သွားမှာ ဖြစ်ကြာင်း ကျန်းမာရေးဝန်ကြီးဌာနက အင်္ဂါနေ့မှာ ကြေညာလိုက်ပါတယ်။ 
 
အစ္စရေးလ်လူမျိုးတစ်ဦး ထိုင်းနိုင်ငံသို့ ခရီးထွက်စဥ် ဗိုင်းရပ်စ်ကူးစက်ခံရတယ်လို့ သတင်းများထွက်ပေါ်ပြီးနောက် အခုလိုစီစဥ်လာကြတာ ဖြစ်ပါတယ်။ 
 
ဗိုင်းရပ်စ်ကူးစက်ခံရတဲ့ လူနာဟာ ကျန်းမာနေဆဲဖြစ်တယ်လို့ ဝန်ကြီးဌာနက ဆိုပါတယ်။ 
 
ပတ်ဝန်းကျင် ကာကွယ်ရေးဝန်ကြီးဌာနမှ ပစ်မှတ်ထားမယ့် ခြင်မျိုးစိတ်က အာရှခြင်ကျားဖြစ်ပြီး ယင်းခြင်မတွေဟာ လူတွေကိုကိုက်ရာကနေ သွေးလွန်တုပ်ကွေးဗိုင်းရပ်စ် ကူးစက်စေတာ ဖြစ်ပါတယ်။ 
 
ထိုရောဂါဟာ လူလူချင်းတော့ မကူးစက်နိုင်ပါဘူး။ 
အဆိုပါ လူနာနေထိုင်ရာဝန်းကျင်ရှိ အာရှခြင်ကျား ပေါက်ဖွားရာနေရာတွေကို စစ်တမ်းကောက်ယူရန် ဝန်ကြီးဌာနက ဒေသတွင်းအာဏာပိုင်များကို ညွှန်ကြားထားပါတယ်။ 
 
ခြင်ကျားပေါက်ဖွားရာနေရာတွေကို အတည်ပြုရှာတွေ့ပါက ခြင်ကောင်ရေထိန်းသိမ်းနိုင်ရန် အဆင့်ဆင့် လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ 
 
ခြင်တွေအကြောင်း သိရှိအောင် လေ့လာထားဖို့နဲ့ ခြင်ကြောင့်ဖြစ်ပွားတဲ့ ရောဂါမကူးစက်အောင် ကာကွယ်နိုင်မယ့်နည်းလမ်းများ သိရှိစေရန် ညွှန်ကြားနေပါတယ်။ 
 
ခြင်ပြေးဆေးများ အသုံးပြုခြင်း၊ ပြတင်းပေါက်များ ပိတ်ထားခြင်း၊ လက်ရှည်အင်္ကျီဝတ်ဆင်ခြင်း၊ ပန်ကာဖြင့် လေပေးခြင်းတို့ကို ကျန်းမာရေးဝန်ကြီးဌာနက အကြံပြုထားပါတယ်။ 
 
သွေးလွန်တုပ်ကွေးရောဂါဟာ လက္ခဏာပြင်းထန်တဲ့အထိ ဖြစ်နိုင်ကာ ဖျားနာခြင်း၊ မူးဝေခြင်း၊ ခေါင်းကိုက်ခြင်း၊ ကြွက်သားနဲ့ အဆစ်အမြစ်များ နာကျင်ခြင်း၊ နီမြန်းခြင်းတို့ ဖြစ်လေ့ရှိပါတယ်။
 
အများစုက အသက်အန္တရာယ်ရှိလောက်တဲ့အထိ မဖြစ်ကြဘဲ ရက်ပိုင်းအတွင်းမှ တစ်ပတ်လောက်နေရင် ရောဂါလက္ခဏာများ သက်သာသွားတတ်ပါတယ်။ 
Source: The Jerusalem Post
#World_Health 
#YMG #Yangon_Times #Yangon_Media_Group