၈ အောက်တိုဘာ ၂၀၂၃

ဒိန်းမတ်နိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီးဟောင်း ဗီချစ်ချစ်ဗီမန်းဟာ အောက်တိုဘာ ၈ ရက် တနင်္ဂနွေနေ့က ဘန်ကောက်ရှိအိမ်တစ်အိမ်ရဲ့ အိမ်သာခန်းအတွင်း သေဆုံးနေတာတွေ့ခဲ့ရပြီး ဒါဟာ ထိုးသွင်းဒဏ်ရာကြောင့်ဖြစ်တယ်လို့ ထိုင်းရဲကပြောပါတယ်။

မှုခင်းဆေးပညာအရ စစ်ဆေးကြည့်တဲ့အခါ သူ့ ရင်ဘတ်မှာ ထိုးသွင်းဒဏ်ရာ(၃)ချက်ရရှိခဲ့တာတွေ့ရတယ်လို့ မြို့ပြရဲဒုတိယကော်မရှင် မင်းကြီး ရဲဗိုလ်မှူးချုပ် နိပါဆစ်ပွန်ဆာဝတ်က အဆိုပါအမှုကို ကိုင်တွယ်နေတဲ့ ဆူသစ်ဆန်ရဲဌာနမှ ရဲများနှင့် တွေ့ဆုံအပြီး ပြောပြပါတယ်။

ဘန်ကောက်မြို့ ချတ်တူချက်ခရိုင်ရှိ သုံးထပ်တိုက်တစ်လုံးရဲ့ ဒုတိယထပ်ရှိ အိမ်သာခန်းထဲမှာ အသက် ၆၃နှစ်အရွယ် သံအမတ်ကြီးဟောင်းရဲ့ အလောင်းကို တွေ့ရှိခဲ့ကြရတာဖြစ်ပါတယ်။

သူတို့စစ်ဆေးကြည့်တဲ့အခါ မီးဖိုချောင်သုံးဓား ငါးလက်ထည့်ထားတဲ့ သစ်သားသေတ္တာတစ်လုံးကို မီးဖိုချောင်ကြမ်းပြင်မှာတွေ့ရတယ်လို့ ပြောပါတယ်။ မှုခင်းဆေးပညာဆိုင်ရာရဲတွေဟာ အဲဒီဓားတွေထဲက ဓားနှစ်လက်မှာ သွေးတွေစွန်းနေတာကိုတွေ့ရတယ်လို့ ရဲမှူးကြီးက ပြောပါတယ်။

အိမ်ရဲ့ပထမထပ်နှင့်ဒုတိယထပ်ကြမ်းခင်းတွေမှာ မွှေနှောက်ထားတာတွေကိုတွေ့ရတဲ့အတွက် အိမ်ကိုဖောက်ထွင်းလာတဲ့ သူခိုးက သတ်သွားတာဖြစ်နိုင်တယ်လို့ ကောက်ချက်ချနေကြပါတယ်။

အိမ်ရဲ့ လုံခြုံရေးကင်မရာတွေကိုတော့စစ်ဆေးကြည့်ရှုနေကြပါတယ်။  ပုံမှန်အားဖြင့် ဗီချစ်ဟာ တစ်ယောက်တည်းနေတာများတယ်လို့ သိရပြီး သူမသေခင်မှာ ဗီချစ်ဟာ သူ့ဆောက်လုပ်ရေးကန်ထရိုက်တာရဲ့သားတစ်ဦးဖြစ်တဲ့ အသက် ၁၇နှစ်အရွယ်သူ့မွေးစားသား နှင့် အတူ ရှိနေတယ်လို့ မျက်မြင်သက်သေတွေကပြောပါတယ်။ အဲဒါကြောင့် အဲဒီဆယ်ကျော်သက်ကို စစ်ဆေးမေးမြန်းဖို့ ခေါ်ယူထိန်းသိမ်းထားကြောင်းသိရပါတယ်။

Source Bangkokpost