ဩဂုတ် ၂၇ ၂၀၂၃

ဩစတြေလျနိုင်ငံမြောက်ပိုင်းကျွန်းတစ်ကျွန်းပေါ်အမေရိကန်မရိန်းတပ်သား ၂၃ ဦးပါတဲ့  လေယာဉ်တစ်စီး ယနေ့ ဩဂုတ် ၂၇ ရက်နေ့မှာ စစ်ရေးလေ့ကျင့်ရင်းပျက်ကျရာ  အနည်းဆုံး မရိန်းတပ်သား (၃)ဦးသေဆုံးခဲ့ရပါတယ်။ အနည်းဆုံး နောက်ထပ်(၅)ဦး ဟာလည်း ဒဏ်ရာအပြင်းအထန်ရရှိခဲ့ကြပါတယ်လို့ အေပီကသတင်းရေးသားပါတယ်။

ဒါဝင်မြို့မှ မိုင်၅၀အကွာမှာရှိတဲ့ အဆိုပါ မဲဗီလီကျွန်းပေါ် Bell Boeing V-22 Osprey အမျိုးအစား စစ်လေယာဉ်ဟာ တနင်္ဂနွေနေ့ မနက် ၉နာရီခွဲခန့်မှာ ပျက်ကျခဲ့တာဖြစ်တယ်လို့ မရိန်းတပ်က အတည်ပြုသတင်းထုတ်ပြန်ပါတယ်။

ဒါဝင်ကနေ အသက်ရှင်ကျန်ရစ်သူတွေကယ်ဆယ်ကုသမှုပေးဖို့ လေယာဉ်တစ်စီးစေလွှတ်ထားပေမယ့် ကျန်တဲ့ မရိန်း တပ်သား ၁၅ ဦးဘယ်လိုအခြေအနေရှိတယ်ဆိုတာကိုတော့ ယခုတိုင်သတင်းမထုတ်ပြန်နိုင်သေးပါဘူး။

ပျက်ကျတဲ့နေရာအနီးတစ်ဝိုက်မှာ ထင်ရှားတဲ့မီးလောင်ကျွမ်းမှုကြီးမြင်တွေ့ရတယ်လို့ အမေရိကန်စစ်အရာရှိတစ်ဦးက ဩစတြေလျ လေကြောင်းထိန်းသိမ်းရေးအရာရှိတွေကိုပြောတဲ့ အသံဖိုင်က နိုင်းနယူးရုပ်သံကထုတ်လွှင့်သွားခဲ့ပါတယ်။

Osprey လေယာဉ်ပျက်ကျသွားတဲ့အခါ လေယာဉ်ပျက်အထဲကနေ ကြီးမားတဲ့ အမဲရောင်မီးခိုးမှိုပွင့်ကြီးတက်လာတာ  တွေ့ရတယ်လို့ ကမ်းခြေမှာ ငါးမျှားနေတဲ့ မဲဗီလီဒေသခံ ရှိန်းမာဖီက ရုပ်သံကိုပြောပါတယ်။ မြောက်ပိုင်ဒေသဝန်ကြီးချုပ် နာတာရှာဖိုင်းလေးစ်က ဒါဟာ ကြောက်စရာမတော်တဆဖြစ်မှုကြီးလို့ပြောပါတယ်။

အဲဒီနေရာမှာ Predators Run ဆိုတဲ့ စစ်ရေးလေ့ကျင့်ခန်းပြုလုပ်နေတာဖြစ်ပြီး ထိခိုက်မှုတွေဖြစ်တာ အမေရိကန်တွေချည်းပဲဖြစ်တယ်လို့ ဩစတြေးလျဝန်ကြီးချုပ် အန်သိုနီ အယ်ဘန်နီးစ်က ပြောပါတယ်။ အဆိုပါ စစ်ရေးလေ့ကျင့်မှုမှာ အမေရိကန်၊ဩစတြေလျ၊ အင်ဒိုနီးရှား၊ဖိလစ်ပိုင်နှင့် အရှေ့တီမောတပ်တွေပါဝင်လေ့ကျင့်နေတာ ဖြစ်ပါတယ်။

Source AP