၁၉ ဩဂုတ် ၂၀၂၃

ပြည်ပမှာကာလရှည်တိမ်းရှောင်နေခဲ့တဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝါထရာဟာ လာမယ့် အင်္ဂါနေ့မှာ ထိုင်းနိုင်ငံကိုပြန်လာတော့မယ်လို့ သမီးဖြစ်သူက ယနေ့ ဩဂုတ် ၁၉ရက်နေ့မှာ ပြောကြားတယ်လို့ ရိုက်တာသတင်း ကရေးသားပါတယ်။ ထိုင်းနိုင်ငံမှာ မေလ ရွေးကောက်ပွဲကျင်းပပြီးနောက် နိုင်ငံရေးမသေမချာမရေရာမှုတွေ ရှည်ကြာ နေတဲ့အချိန်မှာ သက်ဆင်ပြန်ရောက်လာမှာဖြစ်ပါတယ်။

“ အင်္ဂါနေ့ ဩဂုတ် ၂၂ရက်နေ့ မနက် ၉နာရီကျရင် ဒွန်မောင်းလေဆိပ်မှာ ဖေဖေသက်ဆင်ကို ကျွန်မတွေ့ပါမယ်” လို့ သမီး ဖဲထောင်းထန်း ရှင်နာဝါထရာက ဆိုရှယ်မီဒီယာမှာ ပို့စ်တင်ရေးသားခဲ့ပါတယ်။

သက်ဆင်ဟာ ဩဂုတ်လ (၁၀)ရက်နေ့မှာ ထိုင်းကိုပြန်လာဖို့ရှိခဲ့ပေမယ့် ဆေးစစ်စရာရှိတယ်လို့ အကြောင်းပြပြီး အစီအစဉ်ကို ရွှေ့ဆိုင်းခဲ့တာဖြစ်ပါတယ်။

သက်ဆင်ဟာ ယခင်က ဆက်သွယ်ရေးလုပ်ငန်းကုမ္ပဏီသူဋ္ဌေးကြီးဖြစ်ပြီး ၂၀၀၁ခုနှစ်ကနေ အာဏာသိမ်းပြီးဖြုတ်ချခံရတဲ့ ၂၀၀၆ခုနှစ်အထိ ထိုင်းနိုင်ငံရဲ့ ဝန်ကြီးချုပ်လုပ်ခဲ့ပါတယ်။ ၂၀၀၈ခုနှစ်မှာ အကျင့်ပျက်ခြစားမှုနှင့် ထောင်ချခံရမှာစိုးတဲ့ အတွက် နိုင်ငံခြားမှာ ရှောင်တိမ်းနေထိုင်ခဲ့ပါတယ်။ သူပြန်လာတာနှင့် ထောင်ထဲသွားနေရဖို့ရှိနေပါတယ်။

သူရောက်လာမယ့် အင်္ဂါနေ့မှာ ထိုင်းနိုင်ငံရဲ့ ဝန်ကြီးချုပ် မဲပေးရွေးချယ်ပွဲကလည်းရှိနေပါတယ်။ အဲဒီမဲပေးရွေးချယ်ပွဲမှာ သက်ဆင်ကျောထောက်နောက်ခံပြုထားတဲ့ ဖွေထိုင်းပါတီက ဝန်ကြီးချုပ်လောင်းကိုတင်သွင်းရမှာဖြစ်ပါတယ်။

ရွေးကောက်ပွဲ အမတ်နေရာအများဆုံးရတဲ့ ရှေ့သို့ပါတီဟာ ဝန်ကြီးချုပ်လောင်းတင်သွင်းမှု မအောင်မြင်ပြီးတဲ့နောက် ဒုတိယအမတ်အများဆုံးရထားတဲ့ ဖွေထိုင်းပါတီက အစိုးရဖွဲ့ဖို့ ကြိုးစားနေပါတယ်။ ဖွေထိုင်းက အိမ်ခြံမြေသူဋ္ဌေးကြီး သာရက်တာသာဗီဆင်ကို ဝန်ကြီးချုပ်လောင်းအဆိုပြုတင်သွင်းမှာဖြစ်ပြီး အမတ်စုစုပေါင်းရဲ့ ထက်ဝက်ကျော် ထောက်ခံမှုလိုအပ်နေပါတယ်။ အဲဒီအထဲမှာ တိုက်ရိုက်ခန့်ထားတဲ့ အထက်လွှတ်တော်အမတ်တွေလည်းပါဝင်နေပါတယ်။

Source : Bangkok Post