#World_Politics
Published 19 August 2023


အမေရိကန်သမ္မတ 'ဂျိုးဘိုင်ဒင်'နဲ့ တောင်ကိုရီးယား၊ ဂျပန်တို့မှ ခေါင်းဆောင်တို့ဟာ သောကြာနေ့က မယ်ရီလန်းရှိ ကမ့်ဒေးဗစ်(ဒေးဗစ်စခန်း)
နေရာမှာ တွေ့ဆုံခဲ့ကြပြီး စစ်ဘက်ဆိုင်ရာနဲ့ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများ ပိုမိုအလေးပေးလုပ်ဆောင်ရန်နဲ့ တောင်တရုတ်ပင်လယ်မှာ တရုတ်နိုင်ငံရဲ့ အန္တရာယ်များပြီး ရန်လိုတဲ့အပြုအမူတွေကို အပြင်းထန်ဆုံး ရှုံ့ချရန် သဘောတူညီခဲ့ကြပါတယ်။

 

ဘိုင်ဒင်အစိုးရအဖွဲ့က အာရှမှ အမေရိကန်မဟာမိတ်ခေါင်းဆောင်များဖြစ်တဲ့ တောင်ကိုရီးယားသမ္မတ 'ယွန်ဆော့ယောလ်'၊ ဂျပန်ဝန်ကြီးချုပ် 'ဖူမီယိုကီရှီဒါ'တို့နဲ့ ထိပ်သီးဆွေးနွေးပွဲ ကျင်းပကာ တရုတ်နိုင်ငံရဲ့ ကြီးထွားမှု၊ မြောက်ကိုရီးယားမှ နျူကလီးယား ခြိမ်းခြောက်မှုများကို စည်းလုံးညီညွတ်စွာ ရင်ဆိုင်ရန် ပြောဆိုခဲ့ကြပါတယ်။

 

ထို ၃ နိုင်ငံဟာ အကျပ်အတည်းများအတွင်း အချင်းချင်း ဆွေးနွေးတိုင်ပင်ရန်နဲ့ ဒေသတွင်းစိန်ခေါ်မှုများ၊ ရန်လိုမှုများ၊ ခြိမ်းခြောက်မှုများကို တုန့်ပြန်ခြင်းတို့မှာ ညှိနှိုင်းဆောင်ရွက်ရန် ကတိပြုခဲ့ကြကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

 

နှစ်စဉ် စစ်ရေးလေ့ကျင့်မှုများပြုလုပ်ရန် သဘောတူညီခဲ့ကြပြီး ၂၀၂၃ ခုနှစ်အကုန်မှာ မြောက်ကိုရီးယား ဒုံးကျည်ပစ်လွှတ်မှုဆိုင်ရာ အချက်အလက်များကို အချိန်နဲ့တပြေးညီ မျှဝေရန်လည်း သဘောတူညီခဲ့ကြပါတယ်။

 

၃ နိုင်ငံထိပ်သီးအစည်းအဝေးများကို နှစ်စဉ်ကျင်းပရန် ကတိပြုခဲ့ကြပါတယ်။


တရုတ်နဲ့ပတ်သက်ပြီး ခေါင်းဆောင်တွေရဲ့ သဘောထားက မျှော်မှန်းထားတာထက် ပိုမိုပြင်းထန်နေကာ တောင်ကိုရီးယား၊ ဂျပန်တို့အတွက် အရေးပါတဲ့ ကုန်သွယ်ဖက်တရုတ်ထံကနေ တုန့်ပြန်လာနိုင်ချေ ရှိနေပါတယ်။

 

တင်းမာမှုမြင့်တက်မှုများကို နိုင်ငံတကာအဖွဲ့အစည်းတွေက ဆုံးဖြတ်နိုင်တယ်လို့ အမေရိကန် တရုတ်သံရုံးမှ ပြောရေးဆိုခွင့်ရှိသူ 'လူဖောင်ယူ'က ဆိုပါတယ်။

 

ချန်လှပ်ခံထားရတဲ့ အဖွဲ့တွေကို စုစည်းကာ အာရှ-ပစိဖိတ်အတွင်း စစ်ရေးထိပ်တိုက်တွေ့ဆုံမှုများ ယူဆောင်လာပါက အထောက်အကူဖြစ်စေမှာ မဟုတ်ဘဲ ဒေသတွင်းနိုင်ငံများရဲ့ အတိုက်အခံများကိုသာ ကြုံတွေ့ရလိမ့်မယ်လို့ ပြောကြားလိုက်ပါတယ်။

 

ဒီဆွေးနွေးပွဲက ၃ နိုင်ငံအတွက် ခေတ်သစ်တစ်ခုဖြစ်ပြီး အလွန်အကျိုးရှိတဲ့ ဆွေးနွေးပွဲဖြစ်တယ်လို့ ဘိုင်ဒင်က ပြောကြားသွားပါတယ်။

 

ဒေသတွင်းမှာ အကျပ်အတည်းဖြစ်နေချိန် ဒါမှမဟုတ် နိုင်ငံတစ်ခုခုကို ထိခိုက်လာတဲ့အခါတိုင်း အချက်အလက်တွေ မျှဝေပြီး တုန့်ပြန်သွားဖို့ အသင့်ရှိနေမှာပါလို့ ဆိုပါတယ်။

 

၃ နိုင်ငံမှ ဘယ်နိုင်ငံမဆို ရန်စခြင်း တိုက်ခိုက်ခြင်းများ လုပ်ဆောင်လာပါက စည်းလုံးညီညွတ်မှု ပိုမိုခိုင်မာလာမှာဖြစ်ပြီး ဆုံးဖြတ်ချက်ချမှတ်ခြင်း လုပ်ငန်းစဉ် ပေါ်ပေါက်လာမှာဖြစ်ကြောင်း ယွန်ဆော့ယောလ်က ပြောကြားခဲ့ပါတယ်။

 

သူတို့ရဲ့ ထိပ်သီးအစည်းအဝေးပွဲက အတိုင်ပင်ခံတွေ ဝန်ထမ်းတွေရဲ့ အကြံဉာဏ်တွေကို ဆန့်ကျင်ပြီး ပေါ်ပေါက်လာတာဖြစ်ကြောင်း ဘိုင်ဒင်ဘက်မှ အင်ဒို-ပစိဖိတ်ရေးရာ ညှိနှိုင်းရေးမှူး'ကာ့တ်ကမ့်ဘဲလ်'က ပြောကြားလိုက်ပါတယ်။

 

#World_Politics #ဒေးဗစ်စခန်းတွေ့ဆုံပွဲ #အမေရိကန် #တောင်ကိုရီးယား #ဂျပန် #Source: Reuters #Yangon_Times