Published: 9 July 2021

အရှေ့တောင်အာရှနိုင်ငံတွေမှာ ကာကွယ်ဆေးထိုးနှံနိုင်မှု အလွန်နည်းပါးနေတာနှင့် ကူးစက်နှုန်းအလွန်မြန်တဲ့ ဗိုင်းရပ်စ်မျိုးဗီဇကွဲတွေကြောင့်  ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးဟာ ကူးစက်မှုတွေနှင့် သေဆုံးသူတွေ စံချိန်တင်မြင့်မားမှုတွေနှင့် ရင်ဆိုင်နေကြရတယ်လို့ ရိုက်တာကရေးပါတယ်။ ဗြိတိန်၊ ဂျာမဏီနှင့် ပြင်သစ်တို့လိုနိုင်ငံတွေ ကပ်ဘေးကြောင့် အကြီးအကျယ်ထိခိုက်ကြပြီးနောက် ယခုအခါ ကျန်ရှိတဲ့ ကန့်သတ်ချက်အများစုကို ဖယ်ပစ်ပေးဖို့ ပြင်ဆင်လာနေချိန်မှာ အရှေ့တောင် အာရှနိုင်ငံတွေရဲ့ အစိုးရတွေဟာ အရေးယူကန့်သတ်မှုတွေကို တင်းတင်းကြပ်ကြပ် လုပ်လာကြရပါတယ်။  မေကစပြီး မြင့်တက်လာတဲ့ ကူးစက်မှုတွေကို ရည်မှန်းပစ်မှတ်ထားပြီး လော့ခ်ဒေါင်းချခြင်းဖြင့်  ကွင်းဆက်ဖြတ်ပစ်နိုင်မယ်လို့ မျှော်လင့်နေကြပါတယ်။  အင်ဒိုနီးရှားနိုင်ငံဟာ ဒေသတွင်းမှာ အထိခိုက်ဆုံးနှင့် လူဦးရေ အထူဆုံးနိုင်ငံဖြစ်ပြီး ကြာသပတေးနေ့က ပိုးတွေ့လူနာအသစ် ၃၈၃၉၁ ဦး ရှိခဲ့ပါတယ်။ လွန်ခဲ့တဲ့တစ်လနှင့် ယှဉ်လိုက်ရင် ခြောက်ဆတက်လာတာပါ။  ဇူလိုင်လဆန်းကတည်းကလည်း နေ့စဉ်သေဆုံးနှုန်းက နှစ်ဆတက်လာနေပါတယ်။

မလေးရှားနှင့် ထိုင်းတို့မှာလည်း ကြာသပတေးနေ့က သေဆုံးမှုအမြင့်ဆုံးဖြစ်ခဲ့ပါတယ်။ အဲဒီနိုင်ငံတွေမှာ အာဏာပိုင်တွေက ပြည်တွင်းအသွားအလာ ကန့်သတ်ဖို့စီစဉ်နေပါတယ်။ ဒဲလ်တာမျိုးဗီဇကွဲကြောင့် အခုဆိုရင် ထိုင်းနိုင်ငံဘန်ကောက်မြို့က လေဆိပ်အသစ်ကြီးကို ကုတင်၅၀၀၀ဆန့်ဆေးရုံအဖြစ် အသွင်ပြောင်းထားရပါတယ်။ အိမ်နီးချင်း မြန်မာနိုင်ငံမှာလည်း ကြာသပတေးနေ့က ပထမဆုံး အကြိမ်အဖြစ် ပိုးတွေ့လူနာ ၄၀၀၀ကျော် အများဆုံးတွေ့ခဲ့ပါတယ်။ ပြီးတော့သေဆုံးသူတွေ များပြားတဲ့ နေ့တွေလည်းဖြစ်ပါတယ်။  ကမ္ဘောဒီးယား နိုင်ငံမှာလည်း ပြီးခဲ့တဲ့ ကိုးရက်အတွင်း ပိုးတွေ့သူနှင့်သေဆုံးသူ အမြင့်မားဆုံးဖြစ်ခဲ့ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကို အောင်မြင်စွာကျော်ဖြတ်နိုင်ခဲ့လို့ ကောင်းသတင်းထွက်ခဲ့တဲ့ ဗီယက်နမ်နိုင်ငံဟာလည်း လွန်ခဲ့တဲ့ ၁၃လနှင့်ယှဉ်ရင်  ပြီးခဲ့တဲ့(၃)ရက်မှာ ပိုးတွေ့ တာ တွေများပြားလာနေပါတယ်။ ဒါပေမယ့် ၁၃၁၄ဦးဆိုတာ အင်ဒိုနီးရှားမှာ တွေ့တဲ့အရေအတွက်ရဲ့ အစိတ်အပိုင်းကလေး တစ်ပိုင်းလောက်သာရှိပါတယ်။

ဒေသမှာ ကာကွယ်ဆေး ထိုးနှံနှုန်းကလည်း နိမ့်နေဆဲပါ။ အင်ဒိုနီးရှားနိုင်ငံဟာ လူဦးရေသန်း၂၇၉ရှိပြီး လူဦးရေရဲ့၅.၄ရာခိုင်နှုန်းပဲ ကာကွယ်ဆေး ထိုးနှံရပါသေးတယ်။ ဖိလစ်ပိုင်မှာ လူဦးရေရဲ့  ၂.၇ရာခိုင်နှုန်း၊ ထိုင်းမှာ လူဦးရေရဲ့ ၄.၇ရာခိုင်နှုန်းပဲ ထိုးနှံကြရပါသေးတယ်။ မလေးရှားကတော့ ၃၂သန်းသော လူဦးရေရဲ့  ၉.၃ရာခိုင်နှုန်း ထိုးနှံပြီးဖြစ်ပါတယ်။ သေးငယ်တဲ့ ကျွန်းနိုင်ငံစင်္ကာပူကတော့ ဒီလအကုန်မှာ လူဦးရေရဲ့တစ်ဝက်ကို ကာကွယ်ဆေးအပြည့် ထိုးနှံပေးဖို့ စီစဉ်ထားပါတယ်။ကာကွယ်ဆေး အပြည့်ထိုးပြီးတဲ့ သူ့နိုင်ငံသားတွေကို ကပွဲရုံတွေ၊ အားကစားပွဲတွေ၊ ကွန်ဖရင့်တွေလို လူအများအပြားစုဝေးတဲ့ အခမ်းအနားပွဲလမ်းသဘင်တွေ ဆောင်ရွက်တက်ရောက်ခွင့်ပြုဖို့ စင်္ကာပူက စီစဉ်နေတဲ့အကြောင်း ရိုက်တာက သတင်းရေးသားပါတယ်။

Ref : Reuters /Photo Credit-Reuters