16 August 2023

ထိုင်းပါလီမန်အမတ်များက လာမည့်အပတ်တွင် ဝန်ကြီးချုပ်အသစ်ကိုရွေးချယ်ကြတော့မှာဖြစ်ပါတယ်။ ရွေးကောက်ပွဲ အမတ်အများဆုံးရထားတဲ့ ရှေ့သို့ပါတီ Move Forward- MFP က သူတို့ရဲ့ ဝန်ကြီးချုပ်လောင်းကို ပါလီမန်မှာ ပိတ်ပင်လိုက်တဲ့ အပေါ်စိန်ခေါ်ပြီး  ဖွဲ့စည်းပုံအခြေခံခုံရုံးကို ကန့်ကွက်ခဲ့တာနှင့်ပတ်သက်ပြီး ခုံရုံးက ပယ်ချလိုက်ပြီးနောက် အောက်လွှတ်တော်ဥက္ကဋ္ဌက ဝန်ကြီးချုပ်ရွေးချယ်ပွဲပြန်လည်ပြုလုပ်မှာကို ကြေညာခဲ့တာပါ။

ထိုင်းနိုင်ငံဟာ မတ်လကတည်းက အိမ်စောင့်အစိုးရက အုပ်ချုပ်နေခဲ့တာဖြစ်ပြီး အစိုးရအသစ်ဖွဲ့စည်းဖို့ကိစ္စ ရှေ့မတိုး နောက်မဆုတ်သာ အခြေအနေနှင့် ကြုံတွေ့နေခဲ့ရတာဖြစ်ပါတယ်။ ရှေ့သို့ပါတီဟာ ပါလီမန်မှာ ရှေးရိုးစွဲ အမတ်တွေနှင့် စစ်တပ်ကိုသစ္စာရှိတဲ့ မဟာမိတ်တွေရဲ့ တင်းမာတဲ့ ဆန့်ကျင်မှုတွေနှင့် ရင်ဆိုင်ခဲ့ရပါတယ်။

ရှေ့သိုပါတီ MFPဟာ ပြီးခဲ့တဲ့မေလရွေးကောက်ပွဲမှာ ထင်မထားဘဲ အမတ်နေရာအများဆုံးရရှိခဲ့ပါတယ်။ ပါတီကို မြို့ပြ နှင့် လူငယ်အမြောက်အများက လစ်ဘရယ်မူဝါဒပလက်ဖောင်းအတွက် ထောက်ခံခဲ့ကြတာဖြစ်ပါတယ်။

တရားရုံးက ပယ်ချလိုက်တာဟာ ရှေ့သို့ပါတီအတွက် နောက်ဆုံးအတိုက်အခိုက်ခံရမှဒတစ်ခုဖြစ်ပေမယ့်  ပါတီဟာ အစိုးရဖြစ်ဖို့အတွက် အရှုံးပေးမှာမဟုတ်ဘူးလို့ ပါတီခေါင်းဆောင် ပီတ, ကပြောပါတယ်။

“ပြဿနာကပါလီမန်ပဲဖြစ်တယ်။ အဲဒါကြောင့် ကျွန်တော်တို့ပါလီမန်ကို ပြုပြင်မယ်” လို့ သူကပြောပါတယ်။

ပီတကို ထပ်မံအဆိုပြုတာ ပယ်ချလိုက်ပြီးနောက် ရွေးကောက်ပွဲဒုတိယနေရာအနိုင်ရထားတဲ့ ဖွေထိုင်းပါတီဟာ  ရှေ့သို့ MFP ပါတီကို ထောက်ခံခြင်းကို ပြန်လည်ရုပ်သိမ်းခဲ့ပါတယ်။

ဖွေထိုင်းပါတီဟာ သူ့ရဲ့ ဝန်ကြီးချုပ်လောင်း အိမ်ခြံမြေသူဋ္ဌေးကြီး သာရက်တာ သာဗစ်ဆင်ကို ထောက်ခံပေးဖို့အတွက် ကွန်ဆာဗေးတစ်တွေနှင့် တပ်ကျောထောက်နောက်ခံရှိထားတဲ့ အမတ်တွေကို စည်းရုံးနေပါတယ်။ ဒါပေမယ့် အတွေ့အကြုံနည်းတဲ့ သာရက်တာကို ထောက်ခံမှုတွေလုံလုံလောက်လောက်ရဖို့ သိပ်မသေမချာဖြစ်နေပါတယ်။

“ တစ်ရက်တည်း အပြတ် ဝန်ကြီးချုပ်ရွေးနိုင်မလားဆိုတာကတော့ အစည်အဝေးပေါ်မှာပဲမူတည်ပါလိမ့်မယ်” လို့  အောက်လွှတ်တော်ဥက္ကဋ္ဌ ဝန်မိုဟာမက် နို မာသာက သတင်းထောက်တွေကိုပြောပါတယ်။ လာမယ့် ဩဂုတ် ၂၂ ရက်မှာ ပါလီမန်အစည်းအဝေးပြန်လည်ကျင်းပပြီး ဝန်ကြီးချုပ်လောင်းအတွက်မဲပေးကြမှာဖြစ်ပါတယ်။

ဖွေထိုင်းပါတီရဲ့ အကြီးတန်းအရာရှိတွေကတော့ ရှေ့သို့ပါတီ MFP ရဲ့ထောက်ခံမှုမပါဘဲနှင့် သာရက်တာကို ဝန်ကြီးချုပ် အဖြစ်ရွေးချယ်နိုင်မယ်လို့ ယုံကြည်ထားကြကြောင်းပြောပါတယ်။

Source Reuters