#World_News
Published 16 August 2023


မြောက်ကိုရီးယားနိုင်ငံသို့ နယ်စပ်မှဖြတ်ကျော် ဝင်ရောက်လာတာကြောင့် ထိန်းသိမ်းခံထားရတဲ့ အမေရိကန်စစ်သား 'ထရာဗစ်ကင်း'ဟာ အမေရိကန်စစ်တပ်အတွင်း လူသားမဆန်စွာ နှိပ်စက်ညှဉ်းပန်းမှုနဲ့ လူမျိုးရေးခွဲခြားဆက်ဆံမှုများ ခံစားခဲ့ရတယ်လို့ မြောက်ကိုရီးယားနိုင်ငံပိုင် မီဒီယာက ဖော်ပြလိုက်ပါတယ်။

 

ဒါဟာ ထရာဗစ်ကင်းနဲ့ ပတ်သက်တဲ့ အဖြစ်အပျက်အကြောင်း မြောက်ကိုရီးယားနိုင်ငံက ပထမဆုံးအကြိမ် ပြောကြားလိုက်တာ ဖြစ်ပါတယ်။

 

အမေရိကန်စစ်တပ်မှ တပ်ဖွဲ့ဝင်တစ်ဦးဖြစ်သူ ထရာဗစ်ကင်းဟာ ကိုရီးယားနှစ်နိုင်ငံကြား အခိုင်အမာခံတပ်ချထားတဲ့ နယ်စပ်တလျှောက်ရှိ နှစ်နိုင်ငံလုံခြုံရေးဧရိယာ (JSA)ရဲ့ အရပ်ဘက်ခရီးစဉ်အတွင်း မြောက်ကိုရီးယားသို့ ဝင်ရောက်လာခဲ့တာ ဖြစ်တယ်လို့ ဖော်ပြထားကြပါတယ်။


ကင်းဟာ နယ်စပ်ကို ရည်ရွယ်ချက်ရှိရှိဖြင့် ဖြတ်သန်းခဲ့ဟန်ရှိတယ်လို့ အမေရိကန်အရာရှိများ ပြောကြားခဲ့ပြီးဖြစ်ကြောင်း ရိုက်တာမှာ ဖော်ပြထားပါတယ်။

 

ဒီကိစ္စကို မြောက်ကိုရီးယားဘက်မှ စုံစမ်းရေးတွေကလည်း အတည်ပြုလိုက်ကာ ကင်းဟာ မြောက်ကိုရီးယားမှာ ကျန်ရှိနေရန် ရည်ရွယ်ကာ ဒါမှမဟုတ် ကြားနေနိုင်ငံတစ်ခုမှာ ခိုလှုံရန် ရည်ရွယ်ကာ မြောက်ကိုရီးယားသို့ တရားမဝင် ခိုးဝင်ခဲ့တာဖြစ်တယ်လို့ အတည်ပြုခဲ့ကြကြောင်း နိုင်ငံပိုင်သတင်းဌာန KCNA က ဖော်ပြထားပါတယ်။

 

ဗုဒ္ဓဟူးနေ့က KCNA ရဲ့ဖော်ပြချက်မှာ ထရာဗစ်ကင်းဟာ အမေရိကန်စစ်တပ်အတွင်း လူသားမဆန်စွာ ညှဉ်းပန်းခြင်းနဲ့ လူမျိုးရေးခွဲခြားခြင်းတို့နဲ့ ပတ်သက်ပြီး မကျေနပ်ချက်များကြောင့် မြောက်ကိုရီးယားသို့ လာရောက်ရန် ဆုံးဖြတ်ခဲ့တာဖြစ်ကြောင်း ဝန်ခံခဲ့တယ်လို့ ဆိုခဲ့ပါတယ်။


ကင်းဟာ အမေရိကန်လူ့အဖွဲ့အစည်းသည် မျှတမှုမရှိဟု ထင်မြင်နေကာ စိတ်ပျက်မိကြောင်း ဖော်ထုတ်ခဲ့တယ်လို့လည်း KCNA က ဖော်ပြခဲ့ပါတယ်။

 

ဒါ့အပြင် မြောက်ကိုရီးယားဖြစ်ဖြစ် ဒါမှမဟုတ် နောက်ထပ်တစ်နိုင်ငံမှာဖြစ်ဖြစ် ခိုလှုံခွင့်ခံယူရန် ဆန္ဒရှိကြောင်း ဖော်ထုတ်ခဲ့ပါတယ်။

 

အသက် ၂၃ နှစ်ရှိ ထရာဗစ်ကင်းဟာ ၂၀၂၁ ဇန်နဝါရီလမှာ အမေရိကန်စစ်တပ်သို့ စာရင်းသွင်းခဲ့ပြီး တောင်ကိုရီးယားအတွက် ကာလကြာရှည်စွာရှိနေတဲ့ အမေရိကန်လုံခြုံရေး တစ်စိတ်တစ်ပိုင်းအဖြစ် ကိုရီးယားအလှည့်ကျတပ်ဖွဲ့မှာ မြင်းတပ်ကင်းထောက်အဖြစ် တာဝန်ပေးအပ်ခြင်း ခံခဲ့ရပါတယ်။

 

ဒါပေမဲ့ တာဝန်ချိန်အတွင်း ဥပဒေပြဿနာများနဲ့ ရင်ဆိုင်ခဲ့ရတယ်လို့ သိရှိရပါတယ်။

 

တောင်ကိုရီးယားမှာ တပ်စွဲထားစဉ် ပြစ်မှုကျူးလွန်မှု ၂ ခုရှိခဲ့ပြီး ပြစ်မှုတစ်ခုနဲ့ ပြည်သူပိုင်ပစ္စည်းများ ဖျက်ဆီးခြင်းအတွက် အပြစ်ရှိကြောင်း ဝန်ခံခဲ့ဖူးပါတယ်။

 

အစီရင်ခံစာထဲမှာ သူဟာ ကိုရီးယားလူမျိုးများကို ညစ်ညမ်းစွာဆဲဆိုကြိမ်းမောင်းခဲ့ပြီး ရဲကားတစ်စီးကို ဖျက်ဆီးခဲ့ကြောင်း သိရှိရပါတယ်။

 

ထိုအဖြစ်အပျက်ကြောင့် သူ့ကို တောင်ကိုရီးယားမှာ ထိန်းသိမ်းခဲ့ပြီးနောက် တက္ကဆပ် ဘလစ်ခံတပ်သို့ ပြန်ပို့ရန် စီစဉ်ထားကာ သူရဲ့လုပ်ရပ်များအတွက် စစ်ဘက်စည်းကမ်းပိုင်းဆိုင်ရာ အရေးယူမှုများနဲ့ ရင်ဆိုင်ဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။

 

#World_News #အမေရိကန်စစ်တပ် #လူသားမဆန်စွာခွဲခြားဆက်ဆံခံရ #အမေရိကန်စစ်သားထရာဗစ်ကင်း
Source: WION