#WorldTechnology

Published-  3 November 2021

စက်ရုပ်နဲ့စားစရာပို့ဆောင်ပေးခြင်းဟာ ထူးခြားဆန်းပြားတဲ့ သိပ္ပံနည်းပညာတော့ မဟုတ်တော့ပါဘူး။
ဒါပေမဲ့ ကိုယ့်အနီးနားမှာ မြင်တွေ့ရဖို့ကတော့ ခဲယဉ်းပါတယ်။

လူဒူးခေါင်းအမြင့်လောက်ရှိတဲ့ စက်ရုပ်လေးတွေဟာ ပီဇာအကြီး ၄ ချပ်လောက်သယ်ဆောင်နိုင်ပြီး အမေရိကန် အင်္ဂလန်နိုင်ငံတွေက ကောလိပ်ကျောင်းဝင်းနယ်မြေတွေနဲ့ လမ်းဘေးလူသွားလမ်းတွေမှာ စားစရာတွေ လှည့်ပတ်ပို့ဆောင်ပေးနေပါပြီ။

ကိုရိုနာဗိုင်းရပ်စ်မပျံ့ပွားခင်က စက်ရုပ်အနည်းငယ်ကိုသာ စမ်းသပ်ခဲ့ကြပေမယ့် အခုအချိန်မှာကပ်ရောဂါကြောင့် ဝန်ထမ်းရှားပါးလာပြီး လူအချင်းချင်းထိတွေ့မှု နည်းပါးအောင် နေထိုင်ချင်ကြတဲ့အတွက် စက်ရုပ်ဝန်ဆောင်မှုတွေကို ပိုမိုလိုအပ်နေကြပြီဖြစ်တယ်လို့ စက်ရုပ်တွေကိုဖန်တီးတည်ဆောက်တဲ့ ကုမ္ပဏီတွေက ဆိုပါတယ်။

"စက်ရုပ်ဖြင့် ဝန်ဆောင်မှုပေးခြင်းကို အတော်များများကအလိုရှိနေကြပြီ။ မှာယူသုံးစွဲတဲ့သူတွေကတော့ အမြဲရှိနေမှာပဲ။ ဒါပေမဲ့ ကပ်ရောဂါဖြစ်ပွားမှုကြောင့် ပိုပြီးအလိုရှိလာကြတယ်"လို့ Starship နည်းပညာကုမ္ပဏီရဲ့ CEO ဖြစ်သူ Alastair Westgarth က ဆိုပါတယ်။

ထိုကုမ္ပဏီဟာ အခုလတ်တလောကပဲ ပို့ဆောင်မှုအကြိမ်ပေါင်း ၂ သန်းပြည့်မြောက်ခဲ့ပြီဖြစ်ပါတယ်။
Starship ဟာ ၂၀၁၉ ခုနှစ်မှာ စက်ရုပ်အရေအတွက် ၂၅၀ ရှိရာကနေ အခုဆိုရင် စက်ရုပ် ၁၀၀၀ ကျော်ရှိနေပြီဖြစ်ပါတယ်။

နောက်ထပ်စက်ရုပ်ရာနဲ့ချီပြီး ထပ်ထုတ်ဦးမှာလည်း ဖြစ်ပါတယ်။
အမေရိကန်ရှိ ကောလိပ်နယ်မြေ ၂၀ နေရာမှာ အစားအစာပို့ဆောင်ပေးနေပြီး မကြာခင်မှာ နောက်ထပ်နေရာ ၂၅ နေရာတိုးချဲ့သွားမှာဖြစ်ပါတယ်။

ဒါ့အပြင် အင်္ဂလန်ရှိ Milton Keynes မြို့၊ ကယ်လီဖိုးနီးယားရှိ Modesto မြို့နဲ့ ကုမ္ပဏီတည်ရှိရာ အက်စ်တိုနီးယားရှိ Tallin မြို့တွေရဲ့ လမ်းဘေးလူသွားလမ်းတွေမှာလည်း ပို့ဆောင်နေပြီဖြစ်ပါတယ်။

စက်ရုပ်တွေကို ပုံစံအမျိုးမျိုးနဲ့တည်ဆောက်ထားပြီး ၄ ဘီးတပ်ထားတဲ့စက်ရုပ်ရှိသလို ၆ ဘီးတပ်ထားစက်ရုပ်မျိုးလည်း ရှိပါတယ်။

ပုံမှန်အားဖြင့်က ကင်မရာ၊ အာရုံခံဆင်ဆာ၊ GPS နဲ့ လေဆာစကန်နာတွေ တပ်ဆင်ထားပြီး လူသွားလမ်းတွေမှာ သွားလာနိုင်ကာ အလိုအလျောက်လမ်းဖြတ်ကူးနိုင်ပါတယ်။စက်ရုပ်တွေက တစ်နာရီ ၅ မိုင်နှုန်းသွားလာနိုင်ပါတယ်။

စက်ရုပ်များစွာကို တချိန်တည်းမှာပဲ အဝေးထိန်းစနစ်နဲ့ ထိန်းချုပ်လို့ရပြီး စက်ရုပ်လှုပ်ရှားမှုတွေဖြစ်တဲ့ ဘရိတ်နင်းခြင်း ကွေ့ဝိုက်ခြင်းတို့ကိုတောင် သိပ်ပြီးထိန်းချုပ်နေစရာမလိုအပ်ဘူးလို့ ဆိုပါတယ်။

စက်ရုပ်က ပို့ဆောင်ရမယ့်နေရာကို ရောက်တဲ့အခါ မှာယူသူက ဖုန်းထဲကိုကုဒ်နံပါတ်တစ်ခုရိုက်ထည့်မှ အဖုံးပွင့်ပြီး စားစရာကိုယူလို့ရမှာဖြစ်ပါတယ်။အခုအချိန်မှာတော့ စက်ရုပ်တွေမှာ အားနည်းချက်လေးတွေ ရှိပါတယ်။

လျှပ်စစ်ဓာတ်အားနဲ့ မောင်းနှင်တာဖြစ်တဲ့အတွက် ပုံမှန်အားသွင်းဖို့လိုပါတယ်။
သွားလာရာမှာ နှေးကွေးပြီး သတ်မှတ်ထားတဲ့မြေပုံကျဉ်းကျဉ်းလေးထဲမှာပဲ သွားလာနိုင်ပါတယ်။
စက်ရုပ်တွေကို ပြောင်းလဲလုပ်ဆောင်ခိုင်းဖို့လည်း ခက်ခဲပါတယ်။

ဥပမာအနေနဲ့ စက်ရုပ်တစ်ရုပ်ကို တံခါးအပြင်ဘက်မှာ စားစရာချပေးခဲ့ဖို့ မှာကြားလို့မရနိုင်ပါဘူး။
လူသွားလမ်းတွေမှာ လူသွားလူလာများတဲ့ နယူးယော့ခ်၊ ဘေကျင်းနဲ့ ဆန်ဖရန်စစ္စကိုတို့လို မြို့တွေမှာ စက်ရုပ်တွေကို အသုံးပြုဖို့ မလွယ်ပါဘူး။

ဘီးတပ်ကုလားထိုင်ဖြင့် သွားလာသူတစ်ဦးက မြေအနိမ့်ပိုင်းကို ဆင်းတဲ့နေရာမှာ စက်ရုပ်တစ်ရုပ်က လမ်းပိတ်သလိုဖြစ်နေတယ်ဆိုပြီး တိုင်ကြားခဲ့တာကြောင့် ၂၀၁၉ ခုနှစ်က ပစ်ဘာ့ဂ်တက္ကသိုလ်ဝန်းကျင်မှာ Starship က သူတို့ရဲ့စက်ရုပ်ဝန်ဆောင်မှုကို ခဏတာ ရပ်နားခဲ့ရပါတယ်။Starship က ပြဿနာကိုဖြေရှင်းပြီးတဲ့အခါမှာတော့ စားစရာပို့ဆောင်မှုတွေ ပြန်လည်ပြုလုပ်နေပြီဖြစ်ပါတယ်။
Source: AP News