#WorldTechnology

Published - 3 November 2021

အချက်အလက်တွေ ပေါက်ကြားမှာစိုးတဲ့အတွက် ဖေ့စ်ဘွတ်မှာပါဝင်တဲ့ မျက်နှာမှတ်သားစနစ်ကို ပိတ်ချသွားတော့မှာဖြစ်ပြီး ဘီလီယံနဲ့ချီတဲ့ မျက်နှာပုံပေါင်းများစွာကို ဖျက်ပစ်တော့မှာဖြစ်တယ်လို့ မူရင်းကုမ္ပဏီချုပ် Meta က နိုဝင်ဘာ ၂ ရက်နေ့မှာပြောသွားပါတယ်။

သူတို့ရဲ့အတွင်းသတင်း အချက်အလက်တွေဟာ သတင်းထောက်တွေ ဥပဒေပြဌာန်းသူတွေနဲ့ အမေရိကန်အာဏာပိုင်တွေဆီ ပေါက်ကြားနေတဲ့ ပြဿနာဆိုးကြီးကို ရင်ဆိုင်နေရချိန်မှာ ကြေညာလိုက်တာဖြစ်ပါတယ်။
"မျက်နှာဖတ်စစ်ဆေးတဲ့နည်းပညာကို အသုံးပြုနေကြတာနဲ့ ပတ်သက်ပြီး စိုးရိမ်စရာတွေရှိနေသလို အသုံးပြုခွင့်သတ်မှတ်ချက်တွေကို တာဝန်ရှိသူတွေက စဉ်းစားသုံးသပ်နေတုန်းဖြစ်ပါတယ်"လို့ Meta ကုမ္ပဏီက ဖော်ပြထားပါတယ်။

"ဒီလိုမသေချာမရေရာတဲ့ အခြေအနေတွေကြောင့် မျက်နှာမှတ်သားစနစ်ကို အတိုင်းအတာတစ်ခုအထိ ကန့်သတ်ထိန်းချုပ်လိုက်သင့်တယ်လို့ ကျွန်တော်တို့ယုံကြည်ပါတယ်"ဆိုပြီး ဖြည့်စွက်ပြောကြားထားပါတယ်။
ဒီလိုပြောင်းလဲမှုကို ဘယ်အချိန်စလုပ်မလဲဆိုတာတော့ မသေချာသေးပါဘူး။

ဖေ့စ်ဘွတ်ပုံမှန်သုံးစွဲသူတွေရဲ့ ၃ ပုံ ၁ ပုံကျော်ကျော်ဟာ မျက်နှာဖတ်စစ်ဆေးတဲ့စနစ် အသုံးပြုကြတယ်လို့ ယုံကြည်ထားကြပါတယ်။
ဒီစနစ်ကိုပိတ်ချလိုက်ပါက များစွာသောသုံးစွဲသူတွေရဲ့ ဖေ့စ်ဘွတ်မှာသိမ်းထားတဲ့ မျက်နှာပုံရိပ်သဏ္ဍာန်တွေ ပျက်သွားမှာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

အတွင်းရေးပေါက်ကြားမှုတွေနဲ့ ကြုံတွေ့နေရချိန်မှာ သိက္ခာကျစရာအဖြစ်ကိုရှောင်လွှဲပြီး အနာဂတ်အတွက်ပုံရိပ်တုဖန်တီးမှုတွေ ပြုလုပ်ရန်ရည်ရွယ်ချက်နဲ့ မူရင်းကုမ္ပဏီနာမည်ကို Meta လို့ပြောင်းလဲလိုက်တာဖြစ်ပါတယ်။

ကမ္ဘာတဝန်းမှာ အသုံးပြုသူပေါင်း ဘီလီယံနဲ့ချီပြီးရှိတဲ့ ဖေ့စ်ဘွတ် အင်စတာဂရမ် WhatsApp အက်ပလီကေးရှင်းတွေကို Meta ကုမ္ပဏီနာမည်အောက်မှာပဲ ထားရှိသွားမှာဖြစ်ပြီး နာမည်ပြောင်းခြင်းဟာ ကုမ္ပဏီအခြေအေနေမဟန်တော့တာကြောင့် အာရုံလွှဲတဲ့သဘောသက်သက်ပဲဖြစ်တယ်လို့ ဝေဖန်သူတွေက ပြောလိုက်ပါတယ်။
Source: Strait Times