#WorldHealth

Published - 3 November 2021

နောက်လာမယ့်နှစ်တွေအတွင်း စင်္ကာပူမှာ ကိုဗစ်ရောဂါကြောင့် နှစ်စဉ်သေဆုံးသူ ၂၀၀၀ ခန့်ရှိလာနိုင်ပြီး အများစုမှာ သက်ကြီးရွယ်အိုတွေဖြစ်နိုင်ကြောင်း၊ နိုင်ငံအတွင်း ကူးစက်ရောဂါပျံ့ပွားမှု အဆိုးရွားဆုံးအခြေအနေကြုံတွေ့နေရပေမယ့် လူအများအပြားသေဆုံးမှု မဖြစ်ရအောင် အလေးထားဆောင်ရွက်နေကြောင်း တနင်္လာနေ့မှာ ဝန်ကြီးတစ်ဦးက ပြောသွားပါတယ်။

စင်္ကာပူမှာ ကိုဗစ်ရောဂါကူးစက်မှုကြောင့် သေဆုံးမှုနှုန်း ၀.၂ ရာခိုင်နှုန်းရှိရာ ကပ်ရောဂါမဖြစ်ပွားခင်က အဆုတ်ရောင်ရောဂါကြောင့် သေဆုံးမှုနှုန်းနဲ့ ဆင်တူနေတယ်လို့ နိုင်ငံတော်ဝန်ကြီးတစ်ဦးဖြစ်သူ Janil Puthucheary ကဆိုပါတယ်။

ကာကွယ်ဆေးမထိုးနှံခင် ရောဂါဖြစ်ပွားမှုမြင့်တက်နေတုန်းက တခြားနိုင်ငံတွေထက်လည်း သေဆုံးမှုနှုန်းနည်းပါးခဲ့တယ်လို့ ဆိုပါတယ်။

"အကောင်းဆုံး ကျန်းမာရေးစောင့်ရှောက်မှုတွေ ရှိပေမယ့်လည်း အချိန်ကြာလာတာနဲ့ ကိုဗစ်ရောဂါကြောင့်သေဆုံးမှုနှုန်း မြင့်တက်လာနိုင်ပါတယ်။ တစ်နှစ်ကို သေဆုံးသူ ၂၀၀၀ ခန့် ရှိလာနိုင်ပါတယ်"လို့ ပြောပါတယ်။
စင်္ကာပူနိုင်ငံမှာကပ်ရောဂါမတိုင်ခင်က တုပ်ကွေးရောဂါနဲ့ အခြားအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေကြောင့် နှစ်စဉ်သေဆုံးသူ ၄၀၀၀ ခန့် ရှိခဲ့ပါတယ်။

စင်္ကာပူနိုင်ငံရှိလူဦးရေ ၅.၄၅ သန်းရဲ့ ၈၀ ရာခိုင်နှုန်းကျော်ဟာ ကိုဗစ်ကာကွယ်ဆေးအပြည့်ထိုးပြီးပြီဖြစ်ပြီး ရောဂါဖြစ်ပွားသူအများစုဟာလည်း ရောဂါလက္ခဏာအနည်းငယ်ခံစားရသူတွေသာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၆ လအတွင်းသေဆုံးသူတွေရဲ့ ၉၅ ရာခိုင်နှုန်းဟာ အသက် ၆၀ အထက်လူကြီးတွေဖြစ်ပြီး သေဆုံးသူတွေရဲ့ ၇၂ ရာခိုင်နှုန်းဟာ ကာကွယ်ဆေးအပြည့်မထိုးရသေးသူတွေ ဖြစ်ပါတယ်။

Janil Puthucheary က ဒီနိုင်ငံမှာ ကိုဗစ်ရောဂါပိုးရှိလျက်နဲ့ပဲ အသေအပျောက်နည်းနည်းနဲ့ ဆက်လက်နေထိုင်သွားဖို့ ကြိုးပမ်းသွားရမယ်လို့ ဆိုပါတယ်။

"ကိုဗစ်ရောဂါကြောင့် သေဆုံးသူတွေ ရှိလာဦးမှာပါ။ ဒါပေမဲ့ အရင်ပုံမှန်ကိုဗစ်မဖြစ်ခင်နှစ်တွေနဲ့ ယှဉ်ရင် သေဆုံးမှုပိုများလာမှာမဟုတ်ပါဘူး"လို့ ပြောသွားပါတယ်။

လူအများလှုပ်ရှားသွားလာခွင့်ကို ဒီလနှောင်းပိုင်းမတိုင်ခင်က တိုးချဲ့ခဲ့တာကြောင့် ပြည်သူတွေက ဝေဖန်ပြောဆိုမှုတွေ ရှိခဲ့ပါတယ်။

ဝန်ကြီးချုပ်ကတော် ဟိုချင်းက "ပြည်သူတွေအနေနဲ့ မကျေနပ်မှုတွေကို ဘေးဖယ်ထားပြီး အပြစ်တွေပြောနေမယ့်အစား ဝိုင်းဝန်းကူညီကြရအောင်"ဆိုပြီး ပြောသွားပါတယ်။
Source: Reuters