#WorldHealth


Published -  31 October 2021

နိုဝင်ဘာ ၁ ရက်နေ့ကစပြီး တက္ကစီယာဉ်မောင်းတွေနဲ့ ယာဉ်မောင်းဝန်ထမ်းတွေအားလုံး အပတ်စဉ်ကိုဗစ်ရောဂါစစ်ဆေးရမည်ဖြစ်ကြောင်း စင်္ကာပူရှိ Land Transport Authority (LTA) က အောက်တိုဘာ ၂၈ ရက်နေ့မှာ Strait Times ကိုပြောပြသွားပါတယ်။

ယာဉ်မောင်းတွေဟာ Antigen rapid test (ART) ပစ္စည်းတွေကို အသုံးပြုပြီး အဆင်ပြေတဲ့နေရာမှာတင် ကိုယ်တိုင်စစ်ဆေးလို့ရမှာဖြစ်ပါတယ်။

ထိုဆေးပစ္စည်းတွေကို ယာဉ်မောင်းတွေထံ ပေးအပ်ထားမှာဖြစ်ပါတယ်။
ယာဉ်မောင်းတွေမှာ ကိုဗစ်ရောဂါပိုးကို မဖြစ်မနေစစ်ခိုင်းရခြင်းကို အစောပိုင်းမှာ ဘာကြောင့်မပြုလုပ်ရတာလဲဆိုတဲ့အကြောင်းကို LTA ကအခုလိုရှင်းပြထားပါတယ်။

"ယာဉ်မောင်းတွေက ကိုယ်တိုင်ထွက်မောင်းချင်တဲ့အခါ ထွက်မောင်းပြီး အလုပ်လုပ်ရတဲ့အချိန် အမျိုးမျိုးဖြစ်နေပါတယ်။ စမ်းသပ်စစ်ဆေးပေးမယ့်လူတွေက ယာဉ်မောင်းတွေကို စစ်ဆေးပေးဖို့ အတော်လေးအချိန်ပေးဖို့လိုပါတယ်"

ယာဉ်မောင်းတွေက သူတို့အလုပ်လုပ်တဲ့အခါ နေရာအနှံ့အပြားကို မောင်းသွားရတတ်တာကြောင့် သက်ဆိုင်ရာရုံးတွေကိုပြန်ပြီး ရောဂါပိုးစစ်ဆေးဖို့က မလွယ်ကူကြပါဘူး။

ဩဂုတ်လအထိ လုပ်ငန်းလုပ်ကိုင်တဲ့ တရားဝင်ကားလိုင်စင်အရေအတွက်အရ တက္ကစီယာဉ်မောင်း ၉၆၆၉၀ ရှိပြီး ယာဉ်မောင်းဝန်ထမ်း ၄၉၃၇၅ ရှိပါတယ်။

"တက္ကစီယာဉ်မောင်းတွေဟာ ကိုဗစ်ရောဂါပိုး ပုံမှန်စစ်ဆေးဖို့လိုတဲ့သူတွေဖြစ်ပြီး အစိုးရကထောက်ပံ့တဲ့ ART ဆေးပစ္စည်းတွေကို တက္ကစီယာဉ်မောင်းအားလုံးထံ နေရာ ၃ နေရာကနေ ဖြန့်ဝေပေးသွားမှာဖြစ်ပါတယ်"ဆိုပြီး ဆက်သွယ်ပြန်ကြားရေးအရာရှိ မစ္စတမ်မီတန်က ထောက်ခံကြိုဆိုလိုက်ပါတယ်။

စက်တင်ဘာ ၂၇ ရက်နေ့ ပြန်လည်ထူထောင်ရေး အစီအစဉ်စကတည်းက ရောဂါပိုးစစ်ဆေးတဲ့အစီအစဉ်ကို လူအများနဲ့ထိတွေ့ပြောဆိုနေရတဲ့ လုပ်ငန်းတွေမှာ စတင်လုပ်ဆောင်နေပြီဖြစ်ပါတယ်။

အဲဒီလုပ်ငန်းတွေထဲမှာ လက်လီအရောင်းဆိုင်တွေ၊ စူပါမားကတ်တွေ၊ ပစ္စည်းပို့ဆောင်ရေးလုပ်ငန်းတွေနဲ့ ခရီးသည်ပို့ဆောင်ရေးလုပ်ငန်းတွေပါဝင်တယ်လို့ Enterprise Singapore က ဆိုပါတယ်။

အစားအစာပို့ဆောင်ရေးလုပ်ငန်းဖြစ်တဲ့ Foodpanda က အောက်တိုဘာလလယ်လောက်ကစပြီး ပို့ဆောင်သူများကို ရောဂါပိုးမဖြစ်မနေစစ်ဆေးဖို့ အစိုးရနဲ့ပူးပေါင်းဆောင်ရွက်နေပြီဖြစ်ပါတယ်။
Source: Strait Times