Published 25 October 2021

ဖိုင်ဇာကာကွယ်ဆေးဟာ အသက်၅နှစ်နှင့် ၁၁နှစ်အကြား ကလေးငယ်တွေကို စမ်းသပ်ထိုးနှံရာမှာ ထိရောက်မှု ၉၀.၇ ရာခိုင်နှုန်း ရှိကြောင်းတွေ့ရှိရတယ်လို့ ဆေးဝါးထုတ်လုပ်တဲ့ ကုမ္ပဏီက အမေရိကန် အစားအသောက်နှင့် ဆေးဝါးဌာနကို တင်သွင်းတဲ့ စာရွက်စာတမ်းတွေနှင့်ပတ်သက်ပြီး အကျဉ်းရုံးရှင်းလင်းတင်ပြစဉ်ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် အဲဒီစာရွက် စာတမ်းတွေကိုတော့ တရားဝင်ထုတ် ပြန်မှု မရှိသေးပါဘူး။

ကလေးငယ်တွေကို ၁၀ မိုက်ခရိုဂရမ်စီရှိတဲ့ ဖိုင်ဇာ ကာကွယ်ဆေးကို နှစ်ကြိမ်ြထိုးနှံပေးခဲ့တာဖြစ်ပါတယ်။ အဲဒီဆေးပမာဏဟာ အသက်၁၂နှစ်နှင့်အထက်ကိုပေးတဲ့ ဆေးပမာဏရဲ့ သုံးပုံတစ်ပုံလို့သိရပါတယ်။ ဒီလေ့လာမှုဟာ ပဏာမအားဖြင့် ဗိုင်းရပ်စ်ကို ဘယ်လောက်ကာကွယ်နိုင်တယ်ဆိုတာ တိုင်းတာဖို့ မဟုတ်ခဲ့ပါဘူး။ သူတို့က ကလေးတွေဆီမှာ ကာကွယ်ဆေးကရတဲ့ ခုခံအားနှင့် လူကြီးတွေဆီက ရတဲ့ ခုခံအားကို နှိုင်းယှဉ်ဖို့လုပ်ခဲ့တာ ဖြစ်ပါတယ်။

ကာကွယ်ဆေးက ကလေးသူငယ်တွေဆီမှာ အားကောင်းတဲ့ ကိုယ်ခံအားထုတ်လုပ်ပေးနိုင်ခဲ့ကြောင်း ဖိုင်ဇာက ပြောပါတယ်။ အက်ဖ်ဒီအေရဲ့ ပြင်ပ အကြံပေးတွေဟာ ဖိုင်ဇာကာကွယ်ဆေးကို အဲဒီအသက်အုပ်စုတွေကို ထိုးနှံခွင့်ပေးသင့်မပေးသင့် လာမယ့်အင်္ဂါနေ့မှာ စည်းဝေးဆုံးဖြတ်ကြမှာဖြစ်ပါတယ်။

အစ္စရေးကပြုလုပ်တဲ့ သီးခြားလေ့လာမှုတစ်ခုမှာ အသက်၁၂နှစ်မှ ၁၈နှစ်အကြား လူငယ် ၉၅၀၀၀ဦးကို ဖိုင်ဇာကာကွယ်ဆေးထိုးပေးပြီး ကာကွယ်ဆေးမထိုးရသေးတဲ့ အရေအတွက်သူ လူငယ်တွေကို နှိုင်းယှဉ်လေ့လာခဲ့ကြပါတယ်။

အဲဒီအခါ ကာကွယ်ဆေးထိုးပြီး ရက်သတ္တပတ်အနည်းငယ်အကြာမှာ ကိုဗစ်-၁၉ ဒယ်လ်တာမျိုးဗီဇကွဲ ကူးစက်ခံရမှုအပေါ် ကောင်းစွာကာကွယ်မှုပေးနိုင်ကြောင်းတွေ့ရှိခဲ့ကြရတယ်လို့သုတေသနအဖွဲ့က အစီရင်ခံတင်ပြခဲ့ပါတယ်။

Source Reuters