Published 15 March 2023

ပင်လယ်နက်အပေါ်တွင် ပျံသန်းနေသည့် အမေရိကန်ဒရုန်းလေယာဉ်တစ်စီးကို ထောက်လှမ်းသိရှိရတဲ့အတွက် တိုက်လေယာဉ်တွေကို အဲဒီနေရာ ချက်ခြင်းပျံသန်းစေလွှတ်ခဲ့ရတယ်လို့ ရုရှားကာကွယ်ရေး   ဝန်ကြီးဌာနကပြောဆိုလိုက်ပြီး အမေရိကန်က သူတို့ရဲ့ အဲဒီဒရုန်းလေယာဉ်ပင်လယ်ထဲပျက်ကျသွားတယ်ဆိုတဲ့ စွပ်စွဲချက်ကိုတော့ ရုရှားက ငြင်းဆိုလိုက်ပါတယ်။

“ရုတ်တရက်လမ်းကြောင်းထိန်းသိမ်းပေးလိုက်တဲ့ရလာဒ်ကြောင့် MQ-9 မောင်းသူမဲ့ လေယာဉ်ဟာ ထိန်းသိမ်းလို့မရတော့ဘဲ အမြင့်ကနေပြုတ်ကျခဲ့ပါတယ်။ အဲဒီနောက် ရေမျက်နှာပြင်နှင့်တိုက်မိပြီးပျက်ကျသွားခဲ့ပါတယ်” လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။ အဲဒီအပြင် သူတို့ရဲ့တိုက်လေယာဉ်တွေဟာ မည်သည့်လက်နက်ကိုမျှအသုံးပြုခြင်းမရှိခဲ့သလို အမေရိကန်ရဲ့ UAV (ဒရုန်း) နှင့် ထိတွေ့မှုလည်းမရှိခဲ့ပါဘူးလို့ အဆိုပါဝန်ကြီးဌာနက ဆက်လက်ပြောကြားပါတယ်။

ဒါပေမယ့် အမေရိကန်ပြည်ထောင်စုကတော့ ပင်လယ်နက်အပေါ်မှာ ရုရှားစစ်လေယာဉ်တစ်စီးနှင့်တိုက်မိပြီး ဒရုန်းဟာ ပျက်ကျခဲ့ရတာဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောဆိုထားတဲ့အပြင် အမေရိကန်နိုင်ငံဆိုင်ရာ ရုရှား သံအမတ်ကြီးကိုလည်း ဝါရှင်တန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဆင့်ခေါ်ခဲ့ပါတယ်။

“ ကျွန်တော်တို့ဟာ ရုရှားတွေနှင့်တိုက်ရို်ကထိတွေ့ပြောဆိုနေတယ်။ ဝါရင့်အကြီးတန်းအဆင့်နှင့်ပါဖြစ်တယ်။ မောင်းသူမဲ့ အမေရိကန်လေယာဉ် ပျက်ကျခဲ့ရတဲ့ ယခုလို အန္တရာယ်ရှိပြီး ပရော်ဖက်ရှင်နယ်မကျတဲ့ ကြားဖြတ်ဆောင်ရွက်မှုအပေါ် ပြင်းထန်စွာကန့်ကွက်ခဲ့ပါတယ်” လို့ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် နက်ပရိုက်စ်က သတင်းထောက်တွေကိုပြောပါတယ်။

ရုရှားသံအမတ်ကြီးကိုလည်း အင်္ဂါနေ့မွန်းလွဲပိုင်းက အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနကို ဆင့်ခေါ်ပြီး ပြင်းထန်စွာ ကန့်ကွက်ကြောင်းပြောဆိုခဲ့တယ်လို့လည်း သူကပြောပါတယ်။

ဒီဖြစ်ရပ်ဟာ နိုင်ငံတကာဥပဒေကို ရှင်းရှင်းကြီးချိုးဖောက်တာဖြစ်တယ်လို့ ပရိုက်စ်ကပြောပါတယ်။ အမေရိကန်နှင့်ရုရှားတို့ ယူကရိန်းကိစ္စအခြေပြုပြီးတင်းမာမှုတွေမြင့်တက်နေတဲ့ဒီအချိန်မှာ ယခုဖြစ်ရပ် ပေါ်ပေါက်ခဲ့တာဖြစ်ပါတယ်။

ရုရှားရဲ့ Su-27  တိုက်လေယာဉ်တစ်စီးဟာ ပင်လယ်နက်အပေါ်မှာ အမေရိကန်ရဲ့ဒရုန်းအပေါ် လောင်စာဆီတွေလောင်းချခဲ့ပြီးနောက် တိုက်ချပစ်ခဲ့တယ်လို့ အမေရိကန်စစ်တပ်ကပြောပါတယ်။

ဒါဟာ ရုရှားရဲ့ မဆင်မခြင်လုပ်ရပ်ပဲလို့ အိမ်ဖြူတော်ကပြောပါတယ်။

ရုရှားဂျက်လေယာဉ်ကတိုက်လိုက်လို့ အကြီးအကျယ်ပျက်စီးသွားတဲ့ သူတို့ရဲ့ MQ-9 Reaper ထောက်လှမ်းရေးဒရုန်းလေယာဉ်ကို ဖျက်ချပစ်ခဲ့ရတာဖြစ်တယ်လို့ အမေရိကန်စစ်တပ်က အတည်ပြုပြောဆိုပါတယ်။

“ အပျက်အစီးတွေကြောင့် ဒီဒရုန်းလေယာဉ်ကို ပင်လယ်နက်ထဲ ဖျက်ချပစ်ဖို့ လိုအပ်လာခဲ့တာဖြစ်တယ်” လို့ ဗိုလ်မှူးချုပ် ပက်ရိုက်ဒါက ပြောပါတယ်။ အဲဒီလေယာဉ်ပျက်ကို ရုရှားတွေဆယ်ယူခဲ့ခြင်းမရှိဘူးလို့လည်းပြောပါတယ်။ ဒရုန်းရဲ့ ဒလက်တွေကို ရုရှား Su-27က ဝင်တိုက်ပစ်ခဲ့လို့ မောင်းမရဖြစ်သွားခဲ့ရတာလို့လည်း ပင်တဂွန်ကပြောပါတယ်။

 Source WION

#အမေရိကန်မောင်းသူမဲ့ဒရုန်းလေယာဉ်ပျက်ကျ

#ရုရှားတိုက်လေယာဉ်ကအမေရိကန်ဒရုန်းကိုတိုက်ချ

#MQ-9 Reaper

#YangonMediaGroup