Published 12 March 2023

ထိုင်းဘုရင့်သမီးတော် သီရိဝန်နာဗရီ နာရီရာတာနာ ရာဂျာကာညာကို ထိုင်းတော်ဝင်တပ်တော်မှာ အထူးကျွမ်းကျင်သူအဖြစ် တပ်ရာထူး ဗိုလ်ချုပ်အဆင့် ခန့်အပ်လိုက်တယ်လို့ တော်ဝင်ဂေဇက် ဝက်ဘ်ဆိုက်မှာ ယမန်နေ့ မတ်၁၁ရက်က သတင်းထုတ်ပြန်ခဲ့ပါတယ်။ ထိုင်းဘုရင် မဟာဝါချီရာ လောင်ကွန်းက သူ့ရဲ့ အသက်၃၆နှစ်အရွယ်သမီးတော်ကို ဗိုလ်ချုပ်အဖြစ်ခန့်အပ်ကြောင်း ကြေညာခဲ့ပါတယ်။ စစ်တပ်အတွင်း ဧပြီ၁ရက်နေ့ကစပြီး အသက်ဝင်မယ့် နောက်ဆုံး ရာထူးတိုးများခန့်အပ်တဲ့အစီအစဉ်မှာ ပါဝင်ခဲ့တာဖြစ်ပါတယ်။ သမီးတော်ဟာ ပြင်သစ်နိုင်ငံ ပါရီမြို့တော်မှ École de la Chambre Syndicale de la couture Parisienne ဖက်ရှင်ဒီဇိုင်းကျောင်း မှ ဒီဇိုင်းမဟာဘွဲ့ကို ရရှိခဲ့သူဖြစ်ပါတယ်။ သူမဟာ သီရိဝန်နာဗရီဆိုတဲ့ ကိုယ်ပိုင်အမှတ်တံဆိပ်နှင့် ဖက်ရှင်ဒီဇိုင်နာတစ်ဦးအဖြစ်လုပ်ကိုင်နေပါတယ်။ မင်းသမီးသီရိကို မကြာသေးမီကပြုလုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုမှာ သူမဟာ နန်းတော်ထဲ ဟိုဟိုသည်သည်လမ်းသလားနေသူမဟုတ်ဘဲ အလုပ်ကြိုးစားလုပ်တဲ့သူအဖြစ်သိခဲ့ကြပါတယ်။ “ ကျွန်မမှာ အစီအစဉ်တစ်ခုရှိတယ်။ ကျွန်မ အလွန်အောင်မြင်တဲ့ ဒီဇိုင်နာတစ်ဦးဖြစ်ချင်တယ်။ ကျွန်မက တိုက်တိုက် ခိုက်ခိုက်သမားဖြစ်တယ်။ကျွန်မရဲ့ ဒီဇိုင်းလက်ရာတွေကို ကုန်တိုက်တွေနှင့်ဆိုင်တွေမှာ ကျွန်မမြင်ချင်တယ်။ အမှတ်တံဆိပ်နှင့် အဝတ်အစားတွေအကြောင်းပဲဖြစ်ရမယ်။ ကျွန်မဘယ်သူဆိုတာမဟုတ်ဘူးနော်” လို့ သူမကပြောခဲ့ပါတယ်။ “ ဘုရင့်သမီးတော်တစ်ဦးဟာလည်း အလုပ်လုပ်နိုင်တယ်ဆိုတာ ကျွန်မပြချင်တယ်။ အဲဒါ ကျွန်မဘယ်သူဆိုတာပဲ။ ကျွန်မအလုပ်လုပ်ချင်တယ်” လို့ မင်းသမီးသီရိကပြောပါတယ်။ မင်းသမီးသီရိဟာ ထိုင်းဘုရင်ရဲ့ သမီးတော်အငယ်ဖြစ်ပါတယ်။ သူမရဲ့အစ်မကြီး မင်းသမီး ဘာဂျရာ ကီတီယာဘာ နာရင်ဒီရာ ဒက်ယာဝတီဟာ ပြီးခဲ့တဲ့နှစ်က နှလုံးအခြေအနေကြောင့် ဒီဇင်ဘာကတည်းက ဆေးရုံတက်နေရတာ ဖြစ်ပြီး ယခုထက်ထိသတိပြန်လည်မလာသေးပါဘူး။ ဘုရင့်အိမ်ထောင်သုံးဆက်ကနေ ထွန်းကားတဲ့ သားတော်သမီးတော်(၇)ဦးထဲမှာ ဘာဂျရာ ကစ်တီယာဘာဟာ အကြီးဆုံး ဖြစ်ပါတယ်။ အချို့သုံးသပ်သူတွေက သူမဟာ ထိုင်းနိုင်ငံမှာ ပထမဆုံး ဘုရင်မကြီး ဖြစ်လာနိုင်သူလို့ သုံးသပ်ထားကြပါတယ်။

Source: SCMP #ထိုင်းဘုရင့်သမီးတော်သီရိဝန်နာဗရီ #တော်ဝင်တပ်မတော်ဗိုလ်ချုပ်အဆင့် #YangonMediaGroup